ရည်းစားဦးနဲ့ မင်္ဂလာဦးညမှာ ပလူးသလိုမျိုး နိုင်ပွဲတစ်ပွဲကို စိမ်ပြေနပြေရယူသွားခဲ့တဲ့ မန်စီးတီး

မန်စီးတီးကတော့ အိမ်ကွင်းမှာ တန်းတက်နော့ဝစ်ချ်အသင်းကို (၅) ဂိုးပြတ်သွင်းပြီး လွယ်ကူတဲ့နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက မန်စီးတီးအတွက် ဒီရာသီပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပြီး ရာသီအဖွင့်ရှုံးပွဲကနေ အကောင်းဆုံးရုန်းထွက်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ မန်စီးတီးအသင်းဟာ ရာသီအဖွင့် စပါးကိုရှုံးနိမ့်ခဲ့တဲ့ လူစာရင်းက စတာလင်၊ မန်ဒီတို့ကို ဒီနေ့ပွဲထွက်လူစာရင်းမှာ ချန်လှပ်ပြီး ဝေါ်လ်ကာ၊ ဂျေးဆုတို့ကို အသုံးပြုခဲ့ပါတယ်။ ဂိုးသမားနေရာမှာ အီဒါဆန်၊ နောက်တန်းမှာ ဝေါ်လ်ကာ၊ ဒီယက်စ်၊ လာပေါ့တ်၊ ကန်ဆယ်လို၊ ကွင်းလယ်မှာ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ ဂွန်ဒိုဂန် နဲ့ တိုက်စစ်တန်းမှာတော့ ဂျေးဆု၊ ဖာရန်တောရက်စ်၊ ဂရီလစ်ရှ်တို့ ပွဲထွက်ခဲ့ပါတယ်။

ကလစ်ချ်ကတော့ ပွတ်ကီ၊ ကန့်ဝဲလ်၊ ဂဲလ်မောတို့ကို အဓိကတည်ပြီး ပွဲထွက်လာခဲ့ပေမယ့် ပွဲစပွဲဆုံး မန်စီးတီးအသင်းကသာ ကစားကွက် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၅) မိနစ်ကျော်ကျော်မှာပဲ နော့ဝစ်ချ်ဂိုးသမား ကရူးလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် မန်စီးတီးတို့ ဖိအားလျော့သွားပြီး ကစားကွက်ကိုပဲ သက်သောင့်သက်သာပုံဖော်သွားခဲ့ပါတယ်။

ပွဲကစားချိန် (၂၁) မိနစ်မှာ ညာခြမ်းက ဂျေးဆု ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးက ဂရီလစ်ရှ်ကိုထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် မန်စီးတီးတို့ ဒုတိယဂိုးလည်းရ၊ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကြီးလည်း အသင်းသစ်နဲ့ပထမဆုံးအိမ်ကွင်းပွဲမှာ မန်စီးတီးကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ နော့ဝစ်ချ်ကတော့ မန်စီးတီးရဲ့ ကစားပုံအောက်မှာ ပွဲစပွဲဆုံးရုန်းကန်ခဲ့ရပြီး ထိရောက်တဲ့ခြိမ်းခြောက်မှု တစ်ကြိမ်တောင် မပြုလုပ်နိုင်ခဲ့ပါဘူး။

ပွဲကစားချိန် (၆၅) မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ရှုပ်ယှက်ခတ်ပြီးကျလာတဲ့ ဘောလုံးကို နောက်ခံလူ လာပေါ့တ် ကန်သွင်းယူနိုင်ခဲ့တာကြောင့် မန်စီးတီးတို့ တတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ လာပေါ့တ်ကတော့ လက်ရှိနွေရာသီမှာ မန်စီးတီးက ထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး မန်စီးတီးအသင်းကလည်း ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း (၆၀) သတ်မှတ်ထားတာပါ။

နောက်ပိုင်းမှာလည်း မန်စီးတီးကပဲ ပွဲကိုစိုးမိုးထားခဲ့ပြီး ပွဲကစားချိန် မိနစ် (၇၀) မှာ ဂျေးဆုရဲ့ ဖန်တီးပေးမှုကနေပဲ လူစားဝင်ကစားသမား စတာလင်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။ ပွဲသိမ်းဂိုးကိုတော့ နောက်ခံလူ ဒီယက်စ် လှလှပပ မ တင်ပေးလိုက်တဲ့ ဘောလုံးကို လူစားဝင်ကစားသမား မာရက်ဇ်ကပဲ တစ်ချက်ထိန်းပြီး အပိုင်ကန်သွင်းယူသွားခဲ့တာပါ။