လီဗာပူးကို တစ်ယောက်တည်း (၄) ဂိုးသွင်းပြလိုက်တဲ့ ရွန်းနီရဲ့သား ကိုင်ရွန်းနီ

ယူနိုက်တက် အကယ်ဒမီမှာ ကစားနေတဲ့ ကိုင်ရွန်းနီဟာ မနေ့က ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ ယူနိုက်တက်အတွက် တစ်ယောက်တည်း (၄) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကိုင်ရွန်းနီဟာ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဝိန်းရွန်းနီရဲ့သားဖြစ်ပြီး အသက် (၁၁) နှစ်အရွယ်သာရှိသေးတဲ့ ကစားသမားပါ။ ကိုင်ဟာ ယူနိုက်တက် ယူ- ၁၂ မှာကစားနေတယ်လို့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာတင်ထားပါတယ်။

ဒီအကောင့်ကိုတော့ သူ့ရဲ့အဖေ ရွန်းနီနဲ့ အမေ ကောလင်းတို့က ကြီးကြပ်နေတာပါ။ ကိုင်ဟာ ပြီးခဲ့တဲ့ (၂၀၂၀)၊ ဒီဇင်ဘာမှာ ယူနိုက်တက်မှာ ကစားဖို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မနေ့က ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ အခုလိုမျိုး ဂိုးသွင်းခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကိုင်ရဲ့ ယူနိုက်တက်ကတော့ လီဗာပူးကို ၅-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်လို့ သိရှိရပါတယ်။ ရွန်းနီဟာ ငယ်ဘဝမှာ အဲဗာတန် ပရိသတ်၊ အဲဗာတန်ကစားသမားဟောင်းဖြစ်ခဲ့ပေမယ့် သားဖြစ်သူကိုတော့ သူအောင်မြင်မှုတွေ ဆွတ်ခူးခဲ့ရာ ယူနိုက်တက်မှာသာ ကစားစေဖို့ လမ်းညွှန်ခဲ့တာပါ။

လက်ရှိအချိန်မှာ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကို နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ရွန်းနီဟာ ယူနိုက်တက်နဲ့အတူ အောင်မြင်မှုဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းအတွက် သွင်းဂိုး (၂၅၃) ဂိုးနဲ့ ယူနိုက်တက်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။

အဲ့ဒါကြောင့် သားဖြစ်သူ ကိုင်ကရော အဖေ့ခြေရာကိုလိုက်နင်းပြီး ယူနိုက်တက်အတွက် အားကိုးရမယ့် ကစားသမားဖြစ်လာမလား စောင့်ကြည့်ရတော့မှာပါ။