ဆိုးလ်ရှားကို နဗီးလ်က ဝေဖန်၊ နဗီးလ်ကို ဖာဒီနန်ကဝေဖန်နဲ့ သပွတ်အူလိုက်နေတဲ့ ရော်နယ်ဒိုကိစ္စ

စနေညက အဲဗာတန်နဲ့သရေကျခဲ့တဲ့ပွဲအပြီး ရော်နယ်ဒိုရဲ့ အပြုအမူကို ဂယ်ရီနဗီးလ်က ဝေဖန်ခဲ့ရာမှာ လက်ရှိအချိန်မှာ ဖာဒီနန်ကလည်း နဗီးလ်ကို ပြန်လည်ဝေဖန်ခဲ့ပါတယ်။

သရေရလဒ်အတွက် မကျေမနပ်ဖြစ်နေတဲ့ ရော်နယ်ဒိုက ပွဲအပြီး အဝတ်လဲခန်းထဲကို စိတ်ပျက်လက်ပျက်နဲ့ ဝင်သွားခဲ့ပြီး ရော်နယ်ဒိုရဲ့ ဒီလုပ်ရပ်က ဆိုးလ်ရှားအပေါ် ဖိအားပိုများစေတယ်လို့ နဗီးလ်က ဝေဖန်ခဲ့တာပါ။

ဒီလိုမျိုးပြောခဲ့တဲ့ နဗီးလ်ကို ဖာဒီနန်က “နဗီးလ်က ရော်နယ်ဒိုအကြောင်း ပြောတာ ကျွန်တော် တွေ့လိုက်ပါတယ်။ ဒါပေမယ့် နဗီးလ်အနေနဲ့ သူအရင်က လုပ်ခဲ့တာတွေကို မေ့လိုက်လို့မရပါဘူး။ ဒါက ကျွန်တော်တို့စိတ်ထဲက သဘာဝခံစားချက်တွေကို ဖယ်ထုတ်နေသလိုပါပဲ”

“ကျွန်တော်တို့တွေ (ယူနိုက်တက်ကစားသမားဟောင်းများ) လည်း အသင်းအခြေအနေနဲ့ ပတ်သက်လို့ အခုလိုပြုမူခဲ့ကြဖူးတာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဖာဒီနန်ဟာ အဲ့ဒီပွဲပြီးပြီးချင်းမှာလည်း ရော်နယ်ဒိုရဲ့အပြုအမူနဲ့ပတ်သက်လို့ ကာကွယ်ပြောကြားခဲ့သူတစ်ယောက်ပါ။

ရော်နယ်ဒိုဟာ အဲဗာတန်နဲ့ပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ အသင်းကလည်း ပရီးမီးယားလိဂ်အိမ်ကွင်းနှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။ ဆိုးလ်ရှားကတော့ အဲဗာတန်နဲ့ပွဲက သူ့ရဲ့ပွဲထွက်လူစာရင်းကို ကာကွယ်ပြောကြားခဲ့ပြီး ကစားသမားတွေ လန်းဆန်းဖို့ လိုအပ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ပွဲကျပ်တွေကို ဆက်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပြီး ပထမဆုံးပွဲအနေနဲ့ လက်စတာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။