ပရီးမီးယားလိဂ်အသင်းအားလုံးကို ဝယ်ယူနိုင်တဲ့အထိ ချမ်းသာတဲ့ နယူးကာဆယ်အသင်းပိုင်ရှင်

မနေ့ညက ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်ဦးဆောင်တဲ့ Public Investment Fund (PIF) ဟာ PCP Capital Partners ၊ R & B Sports Media တို့နဲ့ ပူးပေါင်းပြီး နယူးကာဆယ်ကို (၁၀၀) ရာခိုင်နှုန်းအပြည့် ဝယ်ယူလိုက်ပြီလို့ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

ဘင်ဆာလ်မန်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) တည်းက နယူးကာဆယ်ကို ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လူ့အခွင့်အရေးဆိုင်ရာ သူ့ရဲ့ပုံရိပ်ဆိုးတွေနဲ့ ရုပ်သံထုတ်လွှင့်မှုပိုင်းဆိုင်ရာ နာမည်ပျက် ပြဿနာတွေကြောင့် ရုပ်သံထုတ်လွှင့်မှုပြဿနာကို ဖြေရှင်းပြီး အခုမှသာ အောင်အောင်မြင်မြင်နဲ့ ဝယ်ယူနိုင်ခဲ့တာပါ။ ဆော်ဒီဘုရင့်သားတော်ဖြစ်တဲ့ ဘင်ဆာလ်မန်ရဲ့ ကြွယ်ဝချမ်းသာမှုက တော်တော်လေးကြောက်ဖို့ကောင်းပြီး တစ်ကိုယ်ရည်စာပိုင်ဆိုင်မှုတင် ဒေါ်လာ (၁) ထရီလီယံအထိရှိပါတယ်။

ကမ္ဘာ့နိုင်ငံရေးလောကရဲ့ ထိပ်သီးပိုင်းတွေအထိ ပေါက်ပေါက်မြောက်မြောက်ရှိပြီး အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့လည်း သူငယ်ချင်းတွေဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၅) မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ အနောက်ပိုင်းမှာရှိတဲ့ ပေါင်သန်း (၂၃၀) တန် ရဲတိုက်တစ်လုံးကို နာမည်မဖော်ဘဲ ဝယ်ယူခဲ့တာက လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပြီး နောက် (၂) နှစ်အကြာ (၂၀၁၇) မှသာ ဒါကို ဝယ်ယူခဲ့တာ ဘင်ဆာလ်မန်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒီရဲတိုက်ကြီးက စတုရန်းပေ (၅) သောင်းကျယ်ဝန်းပြီး အတွင်းပိုင်းမှာ အိပ်ခန်း (၁၀) ခန်း၊ အတွင်းအပြင် ရေကူးကန်၊ စာကြည့်တိုက်နဲ့ ငါးပြတိုက်တစ်ခုကိုပါ ထည့်သွင်းတည်ဆောက်ထားတာပါ။ ဒါတင်မကသေးပါဘူး။

ဘင်ဆာလ်မန်ဟာ (၂၀၁၅) မှာ ရုရှားတိုင်ကွန်း ယူရီရှက်ဖ်လာကိုလည်း ကမ္ဘာ့အကြီးဆုံးဇိမ်ခံရွက်လှေထဲက တစ်ခုအတွက် ယူရိုသန်း (၃၈၀) လွှဲပြောင်းပေးခဲ့ပါသေးတယ်။ အဲ့ဒီရွက်လှေဟာ အရှည်အားဖြင့် (၄၃၉) ပေ၊ (၄) လက်မ၊ အကျယ်အားဖြင့် ပေ (၆၀) ရှိပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီရွက်လှေဟာ ပင်လယ်နီအတွင်းက ကျောက်တန်းတစ်ခုအပေါ်မှာ သောင်တင်ရင်း သင်္ဘောကိုယ်ထည် တော်တော်လေး ပျက်စီးသွားခဲ့ပါတယ်။

ဘင်ဆာလ်မန်ဟာ အနုပညာပိုင်းဆိုင်ရာမှာလည်း သူ့ရဲ့ကဏ္ဍကို မြှင့်တင်ချင်ခဲ့ပြီး ကမ္ဘာကျော် လီယိုနာဒိုဒါဗင်ချီရဲ့ ပန်းချီကားကို ပေါင်သန်း (၃၄၀) ပေးဝယ်ဖို့ ပြီးခဲ့တဲ့ (၂၀၁၇) မှာ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်က လေလံတင်ရောင်းချတဲ့ Christie’s ဘက်က ဒီသတင်းတွေကို ငြင်းဆိုခဲ့ပြီး ယူအေအီးနိုင်ငံ၊ အဘူဒါဘီမှာရှိတဲ့ Louvre ပြတိုက်မှာ ဒီပန်းချီကားကို ထိန်းသိမ်းပြသထားပါတယ်။

ဒါတွေကတော့ လူသိထားရုံပဲရှိတဲ့ ဘင်ဆာလ်မန်ရဲ့ ချမ်းသာကြွယ်ဝမှုတွေပါ။ ရေနံ၊ သူကျောထောက်နောက်ခံ ပြုထားတဲ့ ရုပ်သံဌာန… အဲ့ဒီအရာတွေကတစ်ဆင့်လည်း ငွေကြေးဘီလီယံချီစီးဝင်မှုတွေရှိနေပြီး ဘင်ဆာလ်မန်လက်ထက် နယူးကာဆယ်ရဲ့အနာဂတ်ကတော့ စိတ်ဝင်စားဖို့ ကောင်းနေမှာ အသေအချာပါပဲ။