နယူးကာဆယ်ရဲ့ အရောင်းအဝယ်ကိစ္စကို ပရီးမီးယားလိဂ် (၁၉) သင်းလုံး ကန့်ကွက်ပြီ။

ပရီးမီးယားလိဂ်က အသင်း (၁၉) အသင်းဟာ နယူးကာဆယ်ကို မိုဟာမက်ဘင်ဆာလ်မန် ဝယ်ယူခဲ့တဲ့အပေါ် ဝိုင်းဝန်းကန့်ကွက်မယ်လို့ သိရှိရပါတယ်။

ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား ဘင်ဆာလ်မန်ဟာ မိုက်အက်ရှ်လေ လက်ထဲက နယူးကာဆယ်ကို ပေါင်သန်း (၃၀၀) နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဘင်ဆာလ်မန်ရဲ့ ပုံရိပ်ဆိုးတွေအပေါ် ပြိုင်ဘက်တွေက မကျေမနပ်ဖြစ်နေတာပါ။

လာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ကလပ်က အမှုဆောင်အရာရှိချုပ်တွေဟာ ဒီကိစ္စနဲ့ပတ်သက်လို့ အရေးပေါ် အစည်းအဝေး ပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။ ဘင်ဆာလ်မန်ဟာ ဆော်ဒီနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သတင်းမီဒီယာကဏ္ဍကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဆိုးရွားတဲ့ပုံရိပ်တွေရှိနေသူပါ။

သတင်းထောက် ခါရှိုဂီကို သတ်ဖြတ်ခဲ့တဲ့ အဓိကတရားခံအဖြစ်လည်း ကောက်ချက်စွဲခံရထားရတဲ့ ဒီပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) တည်းက နယူးကာဆယ်ကို ဝယ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း ကန့်ကွက်ခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။

ဒါ့အပြင် ဘင်ဆာလ်မန်ပိုင် BeoutQ ရုပ်သံလိုင်းဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပရီးမီးယားလိဂ်ပွဲစဥ်တွေကို တရားမဝင်ပြသခဲ့သေးတာပါ။

ရုပ်သံမူပိုင်ခွင့်ပြဿနာကို လက်ရှိအချိန်မှာ ဖြေရှင်းနိုင်ခဲ့ပေမယ့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေတော့ များစွာ ကျန်ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရီးမီးယားလိဂ်ရဲ့ အခြားသောအသင်းတွေက လိဂ်ပုံရိပ်ကို ထိခိုက်လာမှာစိုးရိမ်နေပြီး ဒီပြဿနာအတွက် စုပေါင်းအဖြေရှာသွားဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။