အမြင့်ဆုံးဘွဲ့ရခဲ့တဲ့အခိုက်အတန့်ကို ဖာဂူဆန်နဲ့အတူဖြတ်သန်းခွင့်ရခဲ့တဲ့ ကံအကောင်းဆုံးရပ်ရှ်ဖို့ဒ်

ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ဆွတ်ခူးရရှိခဲ့ပြီးနောက် ဒီတက္ကသိုလ်မှာ အဆိုပါဂုဏ်ထူးဆောင်ဆုကိုရရှိခဲ့တဲ့ အသက်အငယ်ဆုံး ဖြစ်လာခဲ့ပါတယ်။

အသက် (၂၃) နှစ်အရွယ် ရပ်ရှ်ဖို့ဒ်ဟာ ကိုဗစ်ကာလအတွင်း ကျောင်းနေအရွယ် ကလေးတွေအတွက် နေ့လယ်စာ အခမဲ့ကျွေးမွေးတဲ့ အစီအစဥ်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့တဲ့အပြင် သူ့ရဲ့အခြားသော လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်တွေကြောင့် အခုလိုမျိုး ဒီဘွဲ့ကိုရရှိခဲ့တာပါ။

ရပ်ရှ်ဖို့ဒ် ဒီလိုမျိုးဘွဲ့ယူတဲ့ အခမ်းအနားကို ယူနိုက်တက်ဂန္တဝင် နည်းပြကြီး ဖာဂူဆန်လည်း တက်ရောက်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်က ဒီအပေါ်မှာ ထပ်ဆင့်အပျော်တွေကို ခံစားခဲ့ရပါတယ်။ ယူနိုက်တက် ဂန္တဝင်တွေဖြစ်တဲ့ ဖာဂူဆန်၊ ဆာဘော်ဘီချာလ်တန်တို့ကလည်း မန်ချက်စတာတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို ရရှိခဲ့ဖူးသူတွေပါ။

သူ့ရဲ့အင်စတာဂရမ်ကတစ်ဆင့် ရပ်ရှ်ဖို့ဒ်က “ဒီလိုထူးခြားကောင်းမွန်တဲ့ အခိုက်အတန့်ကို ဖာဂူဆန်နဲ့အတူ ဖြတ်သန်းခွင့်ရခဲ့တာက အကြီးကျယ် အခမ်းနားဆုံးပါပဲ။ ကံမကောင်းစွာနဲ့ ဆာဘော်ဘီကတော့ မနေ့ကပွဲမှာ ကျွန်တော်တို့နဲ့အတူ မရှိနိုင်ခဲ့ပါဘူး” လို့ ရေးသားခဲ့ပါတယ်။

မန်ချက်စတာတက္ကသိုလ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်တစ်ဆင့်လည်း ရပ်ရှ်ဖို့ဒ်ကို ချီးမြှင့်ခဲ့တဲ့ ဒီဘွဲ့က “တက္ကသိုလ်ရဲ့အမြင့်မားဆုံးဘွဲ့” လို့ ရေးသားဖော်ပြခဲ့ပြီး တက္ကသိုလ်ရဲ့သမိုင်းတစ်လျှောက်မှာ ရပ်ရှ်ဖို့ဒ်က ဒီဘွဲ့ကို ရရှိတဲ့ အသက်ငယ်ဆုံးလူပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပခုံးဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ဒီရာသီပွဲစဥ်တွေမှာ ပါဝင်ကစားရခြင်းမရှိသေးဘဲ လာမယ့် အောက်တိုဘာ (၁၆) မှာ ကစားမယ့် လက်စတာနဲ့ အဝေးကွင်းပွဲမှာတော့ ပထမဆုံး ပြန်လည်ကစားခွင့်ရရှိနိုင်ပါတယ်။