(၁၀) နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ရကိုရရမယ်လို့ သတိပေးခံရတဲ့ နယူးကာဆယ်

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အနေနဲ့ ပိုင်ရှင်သစ် မိုဟာမက် ဘင်ဆာလ်မန်လက်ထက်မှာ (၁၀) နှစ်အတွင်း အမှတ်ပေးချန်ပီယံဆုကိုရရှိသင့်ကြောင်း၊ အဲ့ဒီလိုမဟုတ်ရင်တော့ ဒါက ကျရှုံးမှုတစ်ခုဖြစ်ကြောင်း Talksport ရဲ့ ဘောလုံးဝေဖန်သုံးသပ်ရေးသမား ဂျေဆင်ကန်ဒီကဆိုလာပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆာလ်မန်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ နယူးကာဆယ်ကို ပေါင်သန်း (၃၀၀) နဲ့ ဝယ်ယူခဲ့ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) သုံးစွဲသွားဖို့ ပြင်ဆင်ထားတာပါ။

ဘင်ဆာလ်မန်ဟာ ပရီးမီးယားလိဂ်အသင်းပိုင်ရှင် အားလုံးထက် ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်ပြီး သူ့လက်ထက် နယူးကာဆယ်မှာ ကမ္ဘာကျော်ကြယ်ပွင့်အများအပြားကို မြင်တွေ့ရဖို့ရှိနေတာပါ။

ဒီအတွက်လည်း ချဲလ်ဆီးကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျေဆင်ကန်ဒီက “တကယ်လို့ နယူးကာဆယ်သာ လာမယ့် (၁၀) နှစ်အတွင်း အမှတ်ပေးချန်ပီယံဆု တစ်ကြိမ်မှမရဘူးဆိုရင် ဒါက ကြီးမားတဲ့ကျရှုံးမှုတစ်ခုပါ”

“အနိုင်ရဖို့ လိုအပ်တာပါ။ အကျိုးအမြတ်ထွက်ဖို့၊ ပိုက်ဆံရဖို့ မဟုတ်ပါဘူး။ ကျွန်တော့် စိတ်ထင် သူတို့ တဖြည်းဖြည်းနဲ့ အနိုင်ရလိမ့်မယ်ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ နယူးကာဆယ်ဟာ အရင်ဆုံး သူတို့နည်းပြ စတိဗ်ဘရုစ်ကို အပြောင်းအလဲလုပ်ဖွယ်ရှိနေပါတယ်။

အဲ့ဒီနောက်မှာမှ ကမ္ဘာကျော်ကစားသမားတွေကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားဖွယ်ရှိပြီး ဒီအတွက်လည်း အသင်းဒါရိုက်တာဖြစ်တဲ့ အမန်ဒါစတဗ်လေက အပြောင်းအရွှေ့စျေးကွက်မှာ နာမည်ကျော်တွေကို အပြိုင်အဆိုင်ခေါ်ယူသွားမယ်လို့ ဆိုထားပါတယ်။