ယူနိုက်တက်မှာသာ ဘာမှမဟုတ်တာ လက်ရွေးစင်မှာ ဆရာကြီးဖြစ်နေတဲ့ ဆန်ချို

ယူနိုက်တက်ရဲ့ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုဟာ မနေ့ညက အေဘရာဟမ်ရဲ့သွင်းဂိုးအတွက် ဂိုးသွင်းရှင် အေဘရာဟမ်ကို ဂိုးရအောင် နေရာယူဖို့ ညွှန်ကြားပေးခဲ့တယ်လို့ အေဘရာဟမ်ကိုယ်တိုင်က ဆိုလာပါတယ်။

အန်ဒိုရာကို အဝေးကွင်းမှာ (၅) ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆန်ချိုက ပွဲထွက်ကစားခွင့်ရခဲ့တာပါ။ ဆန်ချိုဟာ ယူနိုက်တက်ကို ရောက်ရှိပြီးနောက်ပိုင်း သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိပေမယ့် လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ရဲ့ ယုံယုံကြည်ကြည် ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။

အန်ဒိုရာနဲ့ပွဲမှာ အင်္ဂလန်အတွက် ဘင်ချီဝဲလ်၊ ဆာကာ၊ အေဘရာဟမ်၊ ဝက်ဒ်ပရော့စ်၊ ဂရီလစ်ရှ်တို့က ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဆန်ချိုကလည်း ဘင်ချီဝဲလ်၊ အေဘရာဟမ်တို့ရဲ့ သွင်းဂိုးတွေအတွက် အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပွဲအပြီးမှာ အေဘရာဟမ်က “ပထမပိုင်းပြီးတော့ ဆန်ချိုက ကျွန်တော့်ကို လာပြောတာရှိပါတယ်။ တစ်ခါတလေ သူက ညာဘက်ကိုပြန်ချိုးပြီး ကျွန်တော် ဂိုးဧရိယာထဲမှာ အဆုံးသတ်ဖို့ အဆင်သင့်ရှိ၊ မရှိ ကြည့်လေရှိတယ်ဆိုတာကိုပေါ့။ ပြီးတော့ ကျွန်တော် အဲ့ဒီနေရာမှာ သေချာ နေရာယူထားသင့်တယ်ဆိုပြီးလည်း ပြောခဲ့တာပါ” လို့ ပြောပြသွားခဲ့ပါတယ်။

အေဘရာဟမ်ကလည်း အင်္ဂလန်လက်ရွေးစင်မှာ တစ်ကျော့ပြန် ရွေးချယ်ခံရတဲ့ ကစားသမားပါ။ ရိုးမားမှာ အကောင်းဆုံး ပုံစံတွေပြသနေတဲ့ အေဘရာဟမ်တစ်ယောက် ဒီပွဲမှာလည်း အင်္ဂလန်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အားကိုးရတဲ့ တိုက်စစ်မှူးတစ်ယောက်အဖြစ် တိုးတက်လာပြီလို့ သက်သေပြနိုင်ခဲ့ပါတယ်။