Ballon d’Or ရဖို့ ကြိုးစားနေတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တဲ့ ဘန်ဇီမာ

ရီးရဲယ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာက သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးဖို့အတွက် ငယ်စဥ်တည်းက အိပ်မက်မက်ခဲ့ရတယ်လို့ဆိုလာပါတယ်။

ဒီဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့က ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အပြိုင်အဆိုင် သိမ်းပိုက်ခဲ့ကြပြီး ကြားဖြတ်အနေနဲ့ မိုဒရစ်က (၂၀၁၈) မှာ ရရှိခဲ့ဖူးတာပါ။ မက်ဆီက (၆) ကြိမ်၊ ရော်နယ်ဒိုက (၅) ကြိမ်ရရှိထားပြီး ပြီးခဲ့တဲ့နှစ်မှာတော့ ကိုဗစ်ကြောင့် ဆုပေးပွဲ အခမ်းအနားကို မကျင်းပဖြစ်ပါဘူး။

ဒီနှစ် (၂၀၂၁) အတွက် ဆန်ခါတင် ကစားသမား အယောက် (၃၀) စာရင်းကိုတော့ ပြီးခဲ့တဲ့သောကြာက ထုတ်ပြန်ခဲ့ပြီး အဲ့ဒီစာရင်းထဲမှာလည်း ဘန်ဇီမာပါဝင်ခဲ့ပါတယ်။

ဘန်ဇီမာဟာ လက်ရှိဘောလုံးရာသီမှာ ရီးရဲယ်မက်ဒရစ်အတွက် အကောင်းဆုံး ဂိုးသွင်းခြေစွမ်းပြနေပြီး ဒီခြေစွမ်းကိုသာ ရာသီကုန်အထိ ထိန်းသိမ်းနိုင်မယ်ဆိုရင် လာမယ့်နှစ်မှာ ဘန်ဇီမာကို တစ်ဦးချင်းဆု တစ်ခုခု မျှော်လင့်နိုင်မယ်လို့ မှတ်ချက်ပေးထားပါတယ်။

Ballon d’Or မျှော်လင့်ချက်နဲ့ပတ်သက်လို့လည်း ဘန်ဇီမာက “ကျွန်တော် ကလေးဘဝတည်းက Ballon d’Or ကို ရရှိဖို့ အိပ်မက်မက်ခဲ့ပါတယ်။ ဒါက ကစားသမားအများစုရဲ့ အိပ်မက်လည်းဖြစ်ပါတယ်။ ဘောလုံးက အသင်းလိုက်ကစားနည်းဆိုတာ မှန်ပါတယ်”

“ဒါပေမယ့် ခင်ဗျားက ကိုယ့်အသင်း အနိုင်ရအောင် ကူညီနိုင်တဲ့အခါ၊ အောင်မြင်မှုတွေအတွက် အရေးပါတဲ့ ကစားသမားဖြစ်နေတဲ့အခါ၊ အနိုင်ဂိုးတွေ သွင်းနေတဲ့အခါမှာ ကစားသမားတစ်ယောက်အနေနဲ့ Ballon d’Or ကို မျှော်လင့်တာ သဘာဝပါပဲ”

“ကျွန်တော် ဒီဆုကိုရဖို့ တတ်နိုင်သလောက် ကြိုးစားသွားမှာဖြစ်ပြီး တစ်နေ့နေ့ကျရင်တော့ ဒီအိပ်မက်ကို ဖြည့်ဆည်းနိုင်မယ်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။