ပီလီ၊ မာရာဒိုနာတို့တောင် မလုပ်ပြနိုင်ခဲ့တဲ့ ဂိုးသွင်းမှတ်တမ်းကို ရယူခဲ့တဲ့ မက်ဆီ

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်တီးနားက ဥရုဂွေးကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင်မက်ဆီက တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ မက်ဆီဟာ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲတ့ာဖြစ်ပြီး သူ့အတွက်တော့ လက်ရွေးစင်သွင်းဂိုး ၈၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး သမိုင်းမှတ်တမ်းတစ်ခုကို စိုက်ထူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီသွင်းဂိုးကြောင့် မက်ဆီဟာ တောင်အမေရိကတိုက်မှာ ဘယ်ကစားသမားထက်မဆို လက်ရွေးစင်သွင်းဂိုးပိုမိုရယူနိုင်သူဖြစ်လာခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့သလို သွင်းဂိုးပေါင်း ၈၀ ရတဲ့ ပထမဆုံးကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။

ကစားသမားကောင်းတွေပေါများတဲ့ ဥရုဂွေးလိုအသင်းကို အာဂျင်တီးနားက သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ကာ ကိုပါအမေရိကဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက် ဆက်တိုက်ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားအတွက် နောက်ထပ်ဂိုးတွေကိုတော့ မာတီနက်ဇ်နဲ့ ဒီပေါလ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မက်ဆီက “ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်၊ အကုန်လုံးအလုပ်ဖြစ်ခဲ့ပြီး ပြီးပြည်စုံခဲ့ပါတယ်၊ ဥရုဂွေးက အန္တရာယ်ရှိတဲ့အသင်းပါ၊ ပထမဆုုံးဂိုးရရှိပြီးနောက်မှာ ကျွန်တော်တို့ နေရာလွတ်တွေရှာပြီး ဂိုးတွေထပ်သွင်းနိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

တဖက်မှာတော့ ဘရာဇီးလ်ဟာ ကိုလံဘီယာနဲ့ ဂိုးမရှိသရေကျခဲ့ကာ သူတို့နှစ်ဦးကြားရမှတ်ကွာဟချက်က ၆ မှတ်သာရှိလာခဲ့ပါတယ်။

တောင်အမေရိကဇုန်မှာတော့ အသင်းပေါင်း ၁၀ သင်း ပါဝင်ကစားနေတာဖြစ်ပြီး ထိပ်ဆုံးလေးသင်းဟာ ကာတာကမ္ဘာ့ဖလားပွဲကို တိုက်ရိုက်ဝင်ကစားခွင့်ရမှာဖြစ်ပြီး အဆင့်ငါးနေရာကအသင်းကတော့ အာရှဇုန်ကအသင်းနဲ့ ထပ်မံကစားကာ နိုင်တဲ့အသင်းက ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။