ဒီရာသီမှာ မက်ဆီကိုအသာရရင် ရော်နယ်ဒိုက ထာဝရအကောင်းဆုံးကစားသမားဖြစ်ပြီ

ဘောလုံးပွဲဝေဖန်သုံးသပ်သူတစ်ဦးဖြစ်တဲ့ ရော်ဘီဆားဗေ့ချ်က ရော်နယ်ဒိုအနေနဲ့ ဒီရာသီမှာ အမှတ်ပေးပွဲသွင်းဂိုး ၂၀ အထိရရှိခဲ့ပြီး မက်ဆီက ပီအက်စ်ဂျီမှာ အခုလိုမျိုးရုန်းကန်နေရမယ်ဆိုရင် ထာဝရအကြီးကျယ်ဆုံးနဲ့အခမ်းနားဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီရာသီမှာ သူတို့နှစ်ဦးဟာ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ကို အသီးသီးပြောင်းရွှေ့ခဲ့ပြီး အသင်းသစ်တွေနဲ့ ရှိနေခဲ့သူတွေဖြစ်ပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးရရှိထားပြီး လိဂ်ဂိုးကတော့ ၃ ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ မက်ဆီကတော့ ပီအက်စ်ဂျီအတွက် လိဂ်ဂိုးလုံးဝမရရှိသေးဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ တစ်ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ အသင်းသစ်မှာ အခွင့်အလမ်းဖန်တီးပေးနိုင်မှုတွေရှိခဲ့ပေမယ့် အသင်းဖော်တွေအဆုံးသတ်ညံ့ဖျင်းမှုကြောင့် ဖန်တီးမှုပါ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

ဆာဗေ့ချ်က “ဒီရာသီက ရော်နယ်ဒိုအတွက် အခရာကျပါတယ်၊ သူ့အနေနဲ့ ထာဝရအကောင်းဆုံးဘောလုံးသမားဆိုတဲ့ သရဖူကို ဆောင်းနိုင်မယ့်အချိန်လည်းဖြစ်တယ်လို့ ကျွန်တော်ထင်တယ်၊ မက်ဆီက ပီအက်စ်ဂျီအတွက် စကစားပေးနေချိန်မှာ ဒဏ်ရာပြသနာတွေရှိနေပြီးတော့ အကောင်းဆုံးပုံစံလည်း မရသေးပါဘူး၊ ရော်နယ်ဒို အခုလိုဖြစ်လာမယ်လို့ ကျွန်တော်ပြောတယ်ဆိုတာက သူက စပိန်မှာလည်း လုပ်ပြခဲ့ပြီးပါပြီ”

“ပေါ်တူဂီမှာ ကစားသမားဘဝအစပြုပြီး ပရီးမီးယားလိဂ်ကိုရောက်လာတယ်၊ အီတလီရော၊ အခု သူ့အသက် ၃၆ မှာ ပရီးမီးယားလိဂ်ပြန်ရောက်လာပြီး လုပ်ပြနေပြန်ပါတယ်၊ ဒါကြောင့် ဒီရာသီမှာသာ သူ လိဂ်ဂိုး ၂၀ လောက်ရမယ်။ မက်ဆီကလည်း ရုန်းကန်နေရမယ်ဆိုလည်း သူက ထာဝရအကောင်းဆုံးကစားသမားဖြစ်လာမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကတော့ အခုချိန်ထိ ရှိနေသေးပြီး နှစ်ဖက်ပရိသတ်တွေကြားမှာ ဖြေရှင်းမရသေးတဲ့ ပြသနာအဖြစ် ရှိနေဆဲဖြစ်ပါတယ်။