ဒဏ်ရာကသေမလို နာကျင်နေပါလျက်နဲ့ (၁) နှစ်နီးပါး သရဲနီစိတ်ဓာတ်နဲ့ပေးဆပ်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်

ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ဒဏ်ရာက နာကျင်နေတာတောင်မှ (၁၁) လကြာ အောင့်အီးပြီး ကစားပေးခဲ့တယ်လို့ သိရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပခုံးဒဏ်ရာကို ပြီးခဲ့တဲ့နွေရာသီမှာ ခွဲစိတ်ခဲ့ပြီး ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ဆက်တိုက် ကစားပေးခဲ့သလို ယူရို- ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်မှာလည်း ပါဝင်ကစားပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဒဏ်ရာကို ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီရာသီ ယူနိုက်တက်ရဲ့ ပွဲစဥ်တွေကို လွဲချော်နေရဆဲပါ။ အသက် (၂၃) နှစ်အရွယ် ရပ်ရှ်ဖို့ဒ်က လက်ရှိအနေအထားနဲ့ပတ်သက်လို့ “လုံးဝ ပြန်ကောင်းသွားပြီလို့ မပြောနိုင်သေးပါဘူး။ ကျွန်တော် ဂရုစိုက်ဖို့တော့ လိုအပ်ပါသေးတယ်။ ဒါပေမယ့် အရင်ထက် ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ အများကြီး ပိုကောင်းလာပါပြီ”

“ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက် ရှည်လျားတဲ့ ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ စက်တင်ဘာအကုန်မှာ ဒီဒဏ်ရာကိုရခဲ့ပြီး တဖြည်းဖြည်း ပိုဆိုးလာခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီနာကျင်မှုတွေကနေ လုံးဝလွတ်မြောက်သွားပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ သြဂုတ်မှာ ခွဲစိတ်ကုသမှုခံယူခဲ့တာဖြစ်ပြီး လာမယ့် အောက်တိုဘာ (၁၆) မှာ ကစားမယ့် လက်စတာနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဥ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပြီလည်းဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဘလက်ဘန်းနဲ့ ကစားခဲ့တဲ့ ကွင်းပိတ်ခြေစမ်းပွဲမှာလည်း ပါဝင်ကစားခဲ့ပြီး သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။