ရော်နယ်ဒို၊ မက်ဆီတို့နဲ့အပြိုင် အနားယူဖို့ စီစဥ်နေတဲ့ နေမာ

ဘရာဇီးလက်ရွေးစင်ကစားသမား နေမာက သူ့အတွက် လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားက နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ နေမာဟာ ဘရာဇီးနဲ့အတူ (၂၀၁၄)၊ (၂၀၁၈) ကမ္ဘာ့ဖလားတို့ကို ဆင်နွှဲခဲ့ဖူးပြီး ဆီမီးဖိုင်နယ်၊ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့ဖူးပါတယ်။

နေမာဟာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရလေ့ရှိတာကြောင့် လက်ရှိအချိန်မှာ အခုလိုမျိုးပြောဆိုခဲ့တာဖြစ်နိုင်ပါတယ်။ နေမာက “လာမယ့် ကမ္ဘာ့ဖလားက ကျွန်တော့်အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်ထင်ပါတယ်”

“ဘာလို့လဲဆိုတော့ ဘောလုံးနဲ့ပတ်သက်လို့ ကျွန်တော့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဘယ်လောက်အထိ ရှိဦးမလဲ မသိနိုင်လို့ပါ”

“ဒီတော့ နောက်နှစ်ကမ္ဘာ့ဖလားမှာ ကျွန်တော်လုပ်နိုင်တာ အကုန်လုပ်သွားပါမယ်။ ကျွန်တော့်နိုင်ငံအသင်း ကမ္ဘာ့ချန်ပီယံဖြစ်ဖို့၊ ကျွန်တော် ငယ်ငယ်လေးတည်းက ကြီးကျယ်ခမ်းနားခဲ့တဲ့ ဒီအိပ်မက် လက်တွေ့အကောင်အထည်ပေါ်လာဖို့ ကျွန်တော် အရာအားလုံး လုပ်မှာပါ”

“ဒီလိုလုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အရင်တုန်းက ဘောလုံးပရိသတ်တွေဟာ နေမာကို ရော်နယ်ဒို၊ မက်ဆီတို့အလွန် ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခဲ့ကြတာပါ။

ဒါပေမယ့် နေမာကတော့ ပရိသတ်တွေမျှော်လင့်ထားတဲ့ အဆင့်အထိ မရောက်လာတော့ဘဲ နောက်ပေါက် ကစားသမားတွေဖြစ်တဲ့ အမ်ဘာပေ၊ ဟာလန်းတို့ကတောင် သူ့ရဲ့ပုံရိပ်ကို ကျော်လွှားသွားပြီလို့ဆိုရတော့မှာပါ။

လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားဟာ ရော်နယ်ဒို၊ မက်ဆီတို့အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်သလို အခုချိန်မှာလည်း နေမာရဲ့ ပြောစကားကြောင့် သူ့အတွက်ပါ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမလား စောင့်ကြည့်ရတော့မှာပါ။