မက်ဆီ၊ ရော်နယ်ဒို၊ နေမာ၊ ဘာပေ လေးယောက်လုံး ဆာလာကိုမမှီဘူးဆိုတဲ့ ဆားဗေ့ချ်

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်ကစားသမားဟောင်း ရော်ဘီဆားဗေ့ချ်က လီဗာပူး တိုက်စစ်ကစားသမား ဆာလာဟာ ကမ္ဘာကျော် ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒို၊ နေမာ၊ အမ်ဘာပေတို့ကို ကျော်လွန်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေပြီလို့ဆိုလိုက်ပါတယ်။

ဆာလာဟာ လက်ရှိ ဘောလုံးရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ (၉) ဂိုး သွင်းယူပေးထားပြီး (၂၀၂၁) Ballon d’Or အတွက် ဆန်ခါတင်ကစားသမားစာရင်းမှာလည်း ပါဝင်နေတာပါ။

မန်စီးတီးနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ (၃) ယောက်လောက်ကို လှလှပပလိမ်ခေါက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ဆာလာနဲ့ပတ်သက်လို့ ချီးကျူးသံတွေ တော်တော်လေး ကျယ်လောင်နေပါတယ်။

လက်ရှိအချိန်မှာလည်း ဆားဗေ့ချ်က “လက်ရှိအချိန်မှာတော့ ဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ သူ့ကို မက်ဆီနဲ့ရော်နယ်ဒိုထက် သာတယ်လို့ ပြောနိုင်မလား? ပြောနိုင်တာပေါ့”

“အမ်ဘာပေထက်ရော?? သာတာပေါ့။ နေမာထက်ရော??? သာပါတယ်” လို့ ပြောကြားခဲ့တာပါ။ ဆက်လက်ပြီးတော့လည်း ဆားဗေ့ချ်က “ကျွန်တော့်အတွက် တိုက်စစ်ပိုင်းအတွက် လက်ရှိကမ္ဘာ့အကောင်းဆုံးကို ရွေးရမယ်ဆိုရင် ဆာလာကို ဦးစားပေးရွေးမှာပါ”

“ဒီတော့ လက်ရှိအချိန်မှာ ဖန်တီးမှုစွမ်းရည်အရပါ တွက်ချက်မယ်ဆိုရင် ဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘရာဇီးဂန္တဝင်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ရီဗယ်လ်ဒိုကလည်း ဆာလာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲကတစ်ယောက်ဖြစ်နေပြီး Ballon d’Or ဆုကို ဆွတ်ခူးနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်ပြောကြားခဲ့ပါသေးတယ်။