သူနဲ့ရော်နယ်ဒိုသာတွဲကစားရင် ပျော်ဖို့သာပြင်ထားပေတော့လို့ ပရိသတ်တွေကိုအသိပေးလိုက်တဲ့ ရပ်ရှ်ဖို့ဒ်

ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ဒဏ်ရာက ပြန်လည်သက်သာလာပြီးနောက်ပိုင်း ရော်နယ်ဒိုနဲ့ တွဲကစားရမယ့်အပေါ် ပရိသတ်တွေကို အသိပေးစကားပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပခုံးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ဒီရာသီ ယူနိုက်တက်ရဲ့ ပွဲစဥ်တွေကို လွဲချော်နေရပြီး လာမယ့်စနေမှာ ကစားမယ့် လက်စတာနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဥ်မှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာ ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ ပရိသတ်တွေကို အခုလိုအသိပေးစကား ပြောကြားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်က “ရော်နယ်ဒိုနဲ့ အတူတွဲကစားရတာက ကစားသမားတစ်ယောက်အနေနဲ့ဆိုရင် ဒါက ကျွန်တော့်အတွက် ထိပ်တန်းခံစားချက်တစ်ခုပါပဲ”

“ပရိသတ်တွေအတွက်လည်း အတူတူဖြစ်ပါလိမ့်မယ်။ အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက် အသင်းကို ပြန်ရောက်လာတာက အမြဲတမ်းကောင်းမွန်တဲ့အရာတစ်ခုပါ။ ရော်နယ်ဒိုနဲ့အတူ အိုးထရက်ဖို့ဒ်ကွင်းထဲ တွဲကစားရမှာက အံ့အားသင့်ဖွယ်ခံစားချက်ဖြစ်ပြီး ကျွန်တော်တို့အတွက် ချန်ပီယံဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ တွန်းအားတွေဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဘလက်ဘန်းနဲ့ ကွင်းပိတ်ခြေစမ်းပွဲစဥ်မှာ အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက ရပ်ရှ်ဖို့ဒ်ကို လက်စတာနဲ့ပွဲမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပြီး ကစားသမားကိုယ်တိုင်ကလည်း ပါဝင်ကစားဖို့ ဆန္ဒရှိနေတာပါ။

ရပ်ရှ်ဖို့ဒ်သာပါလာရင်တော့ ယူနိုက်တက်တိုက်စစ်ပိုင်းမှာ ရပ်ရှ်ဖို့ဒ်၊ ရော်နယ်ဒို၊ ဆန်ချိုအတွဲဖြစ်လာဖို့ရှိပြီး ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာ စွမ်းဆောင်ရည်တွေ ပြသနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။