ရီးရဲယ်မက်ဒရစ်မှာ ကျွန်တော်ကနံပါတ် (၁) ပဲလို့ ကြုံးဝါးလိုက်တဲ့ ဂါရတ်ဘေးလ်

ရီးရဲယ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်က ဂေါ့ဖ်ရိုက်တဲ့ ရီးရဲယ်မက်ဒရစ် ကစားသမားတွေထဲမှာ သူက နံပါတ် (၁) ပဲလို့ ပြောကြားသွားပါတယ်။

ဂါရတ်ဘေးလ်ဟာ ကွင်းပြင်ပနေထိုင်မှုအဖြစ် ဂေါ့ဖ်ရိုက်တာကို အလွန်အမင်းခုံမင်သူဖြစ်ပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရရင်လည်း ဂေါ့ဖ်ရိုက်ပြီး လစာယူနေမယ်လို့ ပြောကြားခဲ့ဖူးတဲ့ ကစားသမားပါ။

သူ့ရဲ့ ကစားသမားဘဝဒဏ်ရာတွေက ဂေါ့ဖ်ရိုက်လွန်းတာကြောင့်ဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သည့်တိုင် ဂါရတ်ဘေးလ်ကတော့ ဒါတွေကို အရေးမစိုက်ခဲ့ပါဘူး။ လက်ရှိအချိန်မှာလည်း ဂေါ့ဖ်ရိုက်တာနဲ့ပတ်သက်လို့ ဂါရတ်ဘေးလ်က “ရီးရဲယ်မက်ဒရစ်မှာ ဂေါ့ဖ်ရိုက်တာ ကျွန်တော်နဲ့ ကော်တိုအာနှစ်ယောက်ပဲရှိပါတယ်”

“ဒီတော့ ကျွန်တော်က ချွင်းချက်မရှိ အသင်းမှာ ဂေါ့ဖ်ရိုက်တာ အကောင်းဆုံးကစားသမားပါ။ ကော်တိုအာကတော့ ကျွန်တော့်လောက် မကောင်းပါဘူး။ အနီးအနားမှာ ဂေါ့ဖ်ပြိုင်ပွဲရှိတယ်ဆို ကျွန်တော် အခွင့်အရေးရတိုင်း သွားကြည့်လေ့ရှိပါတယ်”

“အဲ့ဒီမှာမြင်တွေ့ရတဲ့ ပရိသတ်တွေက အံ့အားသင့်စရာပါ။ ရာသီဥတုလည်းကောင်းသလို ကစားသမားတွေကလည်း ကောင်းကောင်းကစားနိုင်ကြပါတယ်။ ဖိအားတွေအောက်မှာ သူတို့ကောင်းကောင်းကစားနိုင်တာ အံ့အားသင့်စရာပါ”

“ဘောလုံးနဲ့ မတူပါဘူး။ ဘောလုံးက တစ်ခုခုဆိုရင် ဒိုင်လူကြီးနဲ့ စကားပြောလို့ဆိုလို့ရပါသေးတယ်။ ဂေါ့ဖ်ကတော့ စိတ်ပိုင်းဆိုင်ရာအရ ပိုအရေးကြီးတဲ့ ဂိမ်းပါ။ ကျွန်တော်လည်း ပရိသတ် (၈) သောင်းရှေ့မှာ ဖိအားဒဏ်ခံရတာပဲ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။