လွယ်မလားလို့ လယ်သမားလိဂ်ပြောင်းခါမှ ဘန်ဇီမာရဲ့နောက်ပါ ရောက်သွားတဲ့ မက်ဆီ

PSG တိုက်စစ်ကစားသမား မက်ဆီဟာ လက်ရှိအချိန်မှာတော့ ရီးရဲယ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာရဲ့နောက်ပါ ရောက်သွားပြီလို့ ပရိသတ်တွေက သုံးသပ်နေပါတယ်။

(၂၀၂၁) Ballon d’Or အတွက် ဆန်ခါတင်ကစားသမား အယောက် (၃၀) စာရင်းမှာ မက်ဆီရော၊ ဘန်ဇီမာရော ပါဝင်လာခဲ့ပြီး ပရိသတ်တွေကတော့ ဒီနှစ်မှာ ဘန်ဇီမာက မက်ဆီထက် ပိုကောင်းတယ်လို့ ယုံကြည်နေကြတာပါ။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ ကစားသမားဘဝမြှုပ်နှံခဲ့ရာ ဘာစီလိုနာကိုစွန့်ခွာ၊ PSG ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလိုအချိန်မျိုးမှာတော့ ဘန်ဇီမာက ရီးရဲယ်မက်ဒရစ်မှာရော၊ ပြင်သစ်လက်ရွေးစင်မှာပါ အကောင်းဆုံးခြေစွမ်းပြ ဂိုးတွေသွင်းယူနေပြီး နေးရှင်းလိဂ်ဆုဖလားကို ပူပူနွေးနွေး ဆွတ်ခူးနိုင်ခဲ့တာပါ။

အချက်အလက်ပိုင်းဖော်ပြချက်အရ မက်ဆီအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ဘန်ဇီမာက Open Play သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်မှု အကြိမ် (၂၀) အထိရှိပေမယ့် မက်ဆီကတော့ (၄) ကြိမ်သာရှိခဲ့တာပါ။ ဒါ့အပြင် (၂၀၂၁) တစ်နှစ်လုံးကိန်းဂဏန်းအရလည်း ဘန်ဇီမာက သာလွန်နေပါတယ်။

(၂၀၂၁) တစ်နှစ်လုံးမှာ ဘန်ဇီမာက ပင်နယ်တီ (၅) ဂိုးအပါအဝင် ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၄၈) ကြိမ်ရှိခဲ့ပြီး မက်ဆီကတော့ ပင်နယ်တီ (၁၀) လုံးအပါအဝင် ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅၁) ကြိမ်ရှိနေတာပါ။

ဒါ့အပြင် (၂၀၂၁) မှာ မက်ဆီဟာ မန်စီးတီးကလွဲလို့ အသင်းကြီးတွေကို ဂိုးမသွင်းနိုင်ခဲ့တဲ့အပေါ် ထောက်ပြခဲ့ပြီး ဘန်ဇီမာကတော့ ချဲလ်ဆီး၊ ဘာစီလိုနာ၊ အက်သလက်တီကို၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ စပိန်တို့ကို ဂိုးသွင်းယူနိုင်ခဲ့တယ်လို့လည်း အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။