မက်ဆီကိုရမလားဆိုပြီး ခေါ်ဖို့ တစ်ချက်ရှိုးလိုက်သေးတဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ

အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တဲ့ မက်ဆီကိုခေါ်ယူဖို့ ကြိုးစားခဲ့သေးတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဆီမြွန်နီဟာ သူ့အသင်းကစားသမား ဆွာရက်ဇ်ကနေတစ်ဆင့် မက်ဆီထံကို ချဥ်းကပ်ခဲ့တာပါ။ ဆွာရက်ဇ်နဲ့မက်ဆီတို့ဟာ ဘာစီလိုနာမှာ အတွဲညီခဲ့တဲ့ ကစားသမားတွေဖြစ်ကြပြီး ဆွာရက်ဇ်ကတော့ မက်ဆီထက် တစ်နှစ်စောပြီး ဘာစီလိုနာကနေ ထွက်ခွာခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်ကိစ္စပျက်ပြယ်ခဲ့ပြီးနောက် PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ သူ့ကိုခေါ်ယူဖို့ အခြားအသင်းတွေလည်း စိတ်ဝင်စားခဲ့ပြီး ဒီအသင်းတွေထဲမှာ မက်ဒရစ်မြို့ခံ အက်သလက်တီကိုရဲ့ နည်းပြ ဆီမြွန်နီလည်း ပါဝင်ခဲ့ပါတယ်။

ဆီမြွန်နီက “ကျွန်တော် မက်ဆီကို တိုက်ရိုက်မပြောပါဘူး။ ဒါပေမယ့် မက်ဆီ ဘယ်အသင်းသွားမလဲ၊ ဘာတွေလုပ်နေလဲဆိုတာကိုတော့ ဆွာရက်ဇ်ကို မေးခဲ့ပါတယ်။ အက်သလက်တီကို,ကို လာဖို့ အခွင့်အရေးနည်းနည်းပဲရှိတယ်ဆိုပေမယ့် သူစိတ်ဝင်စားလောက်မလား ကျွန်တော်မေးခဲ့ပါသေးတယ်”

“(၃) နာရီလောက်ပဲ ကြာပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ PSG က မက်ဆီကိုခေါ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားမို့လို့ပါ။ ဒီတော့ မက်ဆီနဲ့ လက်တွဲဖို့ အခွင့်အရေးက ဘယ်တော့မှမရောက်လာခဲ့ပါဘူး။ သူက ဘာစီလိုနာမှာ အမြဲတမ်းကစားခဲ့တယ်။ ကျွန်တော်ကလည်း အက်သလက်တီကိုမှာ နည်းပြ။ အာဂျင်တီးနားလက်ရွေးစင်မှာလည်း အသင်းဖော်တွေအနေနဲ့ မဆုံစည်းဖြစ်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆီမြွန်နီဟာ မက်ဆီ ပရိသတ်တစ်ယောက်ဖြစ်ပြီး သူ့အသင်းမှာ ရော်နယ်ဒိုနဲ့မက်ဆီ တစ်ယောက်ယောက်ကိုသာ ခေါ်ထားခွင့်ရမယ်ဆိုရင် မက်ဆီကိုသာခေါ်ယူမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။