ရော်နယ်ဒို ယူနိုက်တက်ကိုပြောင်းသွားလို့ နှမြောမနေဘူးဆိုတဲ့ မန်စီးတီးကစားသမားများ

ပေါ်တူဂီလက်ရွေးစင် ဘာနာဒိုဆေးလ်ဗားက လက်ရွေးစင်အသင်းဖော် ရော်နယ်ဒို ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာတဲ့အပေါ် မန်စီးတီးကစားသမားတွေအနေနဲ့ အံ့အားသင့်နေတာမျိုး၊ မဖြစ်သင့်ဘူးလို့ တွေးနေတာမျိုးမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီးမှ အသင်းဟောင်း ယူနိုက်တက်ကို ရောက်ရှိသွားခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ သတင်းတွေအမျိုးမျိုး ထွက်ပေါ်ခဲ့ပြီး ရော်နယ်ဒိုကသာ ယူနိုက်တက်ကိုရွေးတယ်၊ မန်စီးတီးက ရော်နယ်ဒိုကို မလိုချင်ခဲ့ဘူးအစရှိသဖြင့် ထင်မြင်ယူဆချက်မျိုးစုံ ထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဘာနာဒိုဆေးလ်ဗားက “ဒါ ရော်နယ်ဒိုအတွက် ကောင်းမွန်တဲ့အပြောင်းအရွှေ့ပါ။ ကျွန်တော်တို့ မန်စီးတီးကစားသမားတွေကတော့ သူ ယူနိုက်တက်ကို ရောက်သွားလို့ နှမြောနေတာမျိုးမရှိပါဘူး။ ဒါ သူ့ရွေးချယ်မှုဖြစ်ပြီး သူ့အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုပါပဲ”

“သူငယ်ငယ်တည်းက ယူနိုက်တက်မှာ ကစားခဲ့ပြီး အခုလို ကစားသမားဘဝ အဆုံးသတ်ခါနီးမှာ ဒီလိုပြန်ရောက်လာတာ ကောင်းပါတယ်။ သူ ဒီကိုပြန်လာတာ ယူနိုက်တက်မှာပဲ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်မလို့လားဆိုတာတော့ မသိပါဘူး”

“ကျွန်တော်တို့ကတော့ သူ့ကိုအနိုင်ရဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့အားလုံးလည်း ရော်နယ်ဒိုကို အနိုင်ယူဖို့ ကြိုးစားအားထုတ်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးက ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် အခုနောက်ပိုင်းပွဲစဥ်တွေမှာတော့ နည်းပြ ဂွါဒီယိုလာရဲ့ အဓိက,ကစားသမားအဖြစ် ခြေစွမ်းပြ ကစားနေပြီဖြစ်ပါတယ်။