ဆုံးဖြတ်ချက်မပြတ်သားတဲ့ ဆိုးလ်ရှားကို စိတ်ညစ်လာတဲ့ ယူနိုက်တက်ကစားသမားများ

ယူနိုက်တက်ကစားသမားတွေဟာ နည်းပြ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်မပြတ်သားမှုတွေအပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

လက်ရှိဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ဝင်တွေထဲမှာ မိုက်ဖီလန်၊ ကစားသမားဟောင်း မိုက်ကယ်ကာရစ်နဲ့ မက်ကန်နာတို့ပါဝင်ပြီး ကာရစ်နဲ့ မက်ကန်နာတို့က အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေကို ဆိုးလ်ရှားနဲ့အတူ အဓိက ကိုင်တွယ်နေတယ်လို့ဆိုပါတယ်။

မက်ကန်နာဟာ ယူနိုက်တက် ယူ- ၁၈ ကို အမှတ်ပေးချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် မော်ရင်ဟိုလက်ထက်မှာ အသင်းကြီးနည်းပြအဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ကာရစ်ကလည်း မော်ရင်ဟို လက်ထက်တည်းက အသင်းကြီးနည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်လာခဲ့တာပါ။

ဒီလိုမျိုးအတွေ့အကြုံနုနယ်သေးပေမယ့် သူတို့နှစ်ယောက်လုံးက ဆိုးလ်ရှား၊ မိုက်ဖီလန်တို့နဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေဆဲပါ။

အခြားတစ်ဖက်မှာတော့ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်မပြတ်သားမှုနဲ့ သူ့ဘေးနားက အတွေ့အကြုံနုတဲ့ နည်းပြအဖွဲ့ဝင်နှစ်ယောက်ကို ယူနိုက်တက်ကစားသမားတွေက စိုးရိမ်မကင်းဖြစ်နေတာပါ။

ဆိုးလ်ရှားဟာ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့ပေမယ့် ဗန်ဒီဘိခ်ပြဿနာမှာတော့ သူကိုယ်တိုင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိသေးဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကစားပုံက ဗန်ဒီဘိခ်ရဲ့ကြံ့ခိုင်မှုနဲ့ ခန္ဓာကိုယ်အနေအထားအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်မလဲ ဆိုးလ်ရှား စဥ်းစားရခက်နေဆဲပါ။

ဒါပေမယ့် ဆိုးလ်ရှားကတော့ ဗန်ဒီဘိခ် ပရီးမီးယားလိဂ်မှာ အောင်မြင်မယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားတွေကတော့ ဆိုးလ်ရှားနဲ့ပတ်သက်လာရင် ဗန်ဒီဘိခ်ပြဿနာအပြင် အခြားသော ဆိုးလ်ရှားရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေအပေါ် စိုးရိမ်နေကြပြီး ဒါက အဝတ်လဲခန်းအတွင်း စည်းလုံးမှုကို ထိခိုက်လာနိုင်ခြေရှိပါတယ်။