ကောက်စားဂိုးတောင် ရော်နယ်ဒိုလိုဝင်အောင်မသွင်းနိုင်တဲ့သူတွေရှိတယ်လို့ ချီးကျူးလိုက်တဲ့ ဘရူနို

ယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ကလပ်မှာရော၊ လက်ရွေးစင်မှာပါ အသင်းဖော်ဖြစ်တဲ့ ရော်နယ်ဒိုဘက်က ကာကွယ်ပြောကြားလာပါတယ်။

ရော်နယ်ဒိုနဲ့ပတ်သက်လာရင် ပင်နယ်တီ၊ ကောက်စားဂိုးအစရှိသဖြင့် လူတွေကဝေဖန်လေ့ရှိပြီး လူဇင်ဘတ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဘရူနိုက အခုလိုပဲ ပြောကြားလာတာပါ။ ဘရူနိုက “ခင်ဗျားတို့ ပြောပြောနေတဲ့ ဒီ Tap- in ဂိုး (ကောက်စားဂိုး) ကိုတောင် နေရာယူမှန်မှန်နဲ့ ဝင်အောင်မသွင်းနိုင်တဲ့သူတွေရှိတယ်ဗျ”

“အသာလေးသွင်းလို့ရတဲ့ဂိုးလား၊ ခက်ခက်ခဲခဲ သွင်းရတဲ့ ဂိုးလား၊ ခင်ဗျားတို့ ဘယ်လိုမျိုးမြင်ချင်လဲ။ အဲ့ဒီအတွက် နေရာယူမှန်ကန်ရမယ်၊ ဂိုးသွင်းနိုင်ရမယ်ဆိုတဲ့ ခံစားချက်မျိုးရှိမှဖြစ်တာဗျ။ ဘယ်သူတွေ ဘာပြောပြော ရော်နယ်ဒိုက အရင်တိုင်းပဲ”

“ငါက စံချိန်တွေကို လိုက်ချိုးနေတာမဟုတ်ဘူး၊ စံချိန်မှတ်တမ်းတွေက ငါ့နောက်လိုက်နေတာလို့ ရော်နယ်ဒိုက ပြောဖူးတယ်လေ။ ကျွန်တော်တော့ အဲ့ဒီစကားကို လက်ခံရတော့မှာပဲ။ နေရာယူမှန်တဲ့ သူ့ရဲ့အရည်အချင်းတွေကလည်း အထင်ကြီးစရာကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ ရော်နယ်ဒိုတို့ဟာ ပေါ်တူဂီရဲ့ နောက်ပိုင်း ပွဲစဥ်တွေမှာ အတွဲညီညီခြေစွမ်းပြလာကြပြီး လူဇင်ဘတ်ကို (၅) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ရော်နယ်ဒိုက ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ဘရူနိုဖာနန်ဒက်စ်ကလည်း ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဂိုးသွင်းနိုင်ခဲ့ပါတယ်။