ယူနိုက်တက်ကို အဖတ်မလုပ်ဘဲ ချေမိုးခွင့်ရတော့မယ့် လင်ဂတ်

ယူနိုက်တက် ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အေစီမီလန်တို့က စိတ်ဝင်စားလာခဲ့ပြီလို့ သိရပါတယ်။

လင်ဂတ်ဟာ ယူနိုက်တက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို  လက်မခံသေးဘဲ သူ့အတွက် ပုံမှန်ပွဲထွက်ခွင့် အာမခံချက်ကို တောင်းဆိုနေပြီး လက်ရှိအချိန်အထိ စာချုပ်သစ်ကိစ္စက လိပ်ခဲတည်းလည်းဖြစ်နေဆဲပါ။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာ ဝက်စ်ဟမ်းကို အငှားနဲ့ သွားကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းက ပြီးခဲ့တဲ့နွေရာသီမှာ အပြီးသတ်ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် ယူနိုက်တက်ကတော့ လင်ဂတ်ကို ရောင်းချလိုခြင်းမရှိခဲ့ဘဲ အသင်းမှာသာ ဆက်ထိန်းထားခဲ့ပါတယ်။ ဒီရာသီ ယူနိုက်တက်အတွက် ပါဝင်ကစားပေးထားတဲ့ပွဲတွေမှာ လင်ဂတ်အနေနဲ့ ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရဆဲပါ။

အဲ့ဒါကြောင့်လည်း လင်ဂတ်က ယူနိုက်တက်က ထွက်ခွာဖို့ ဆန္ဒရှိနေပြီး လက်ရှိအချိန်မှာ ဥရောပထိပ်တန်းအသင်းတွေကပါ လင်ဂတ်ကို စိတ်ဝင်စားလာတာဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ လင်ဂတ်ကို ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် ဆိုးလ်ရှားကိုယ်တိုင်ကလည်း လင်ဂတ်ကို ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးနိုင်တဲ့ အနေအထားကြောင့် လင်ဂတ်ကတော့ အသင်းပြောင်းဖို့ကိုသာ ပိုမိုဆန္ဒရှိနေဆဲပါ။

လင်ဂတ်ဟာ လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားကို ပါဝင်ကစားသွားဖို့ မျှော်လင့်နေပြီး ဒီအတွက်လည်း ပုံမှန်ပွဲထွက်ခွင့်လိုအပ်နေတာကြောင့် လာမယ့်ဆောင်းရာသီမှာတင် အသင်းပြောင်းရွှေ့ဖို့ ကြိုးစားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။