ဆိုးလ်ရှားကို ဘော်ဒါအချင်းချင်းမို့လို့ ကာကွယ်ပေးနေတယ်ဆိုပြီး အပြောခံရတဲ့ နဗီးလ်နဲ့ရွိုင်ကိန်း

လီဗာပူးဂန္တဝင်ကစားသမားဟောင်း ကာရေဂါက ယူနိုက်တက်ဂန္တဝင်ဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းတို့ဟာ လက်ရှိ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို အကာအကွယ်ပေးလွန်းအားကြီးတယ်လို့ ထောက်ပြဝေဖန်လိုက်ပါတယ်။

ဘောလုံးဝေဖန်သုံးသပ်ရေးသမားတွေအဖြစ် ဆောင်ရွက်နေတဲ့ ယူနိုက်တက်ရဲ့ ဒီဂန္တဝင်နှစ်ယောက်ဟာ ဖာဂူဆန်ခေတ်လွန် ဆိုးလ်ရှားမတိုင်ခင် ယူနိုက်တက်နည်းပြဟောင်းတွေကို အပြင်းအထန်ဝေဖန်ခဲ့ကြသူတွေပါ။

ဒါပေမယ့် ဆိုးလ်ရှားလက်ထက် အသင်းအခြေအနေဆိုးရွားနေချိန်မှာတောင် ဆိုးလ်ရှားကို သိသိသာသာဝေဖန်တာမျိုးမရှိသေးပါဘူး။ အဲ့ဒါကြောင့်လည်း ကာရေဂါက “သူတို့နှစ်ယောက် (နဗီးလ်နဲ့ရွိုင်ကိန်း) က ဆိုးလ်ရှားနဲ့ ပတ်သက်လာရင် လိုအပ်တာထက် ပိုပြီးကာကွယ်ပေးနေကြသလိုပဲဗျ”

“ဘာလို့လဲဆိုတော့ သူတို့နဲ့ တစ်သင်းတည်းတွဲကစားခဲ့ကြတာလေ။ သူတို့ပြောတာတွေက စိတ်တိုင်းမကျစရာပါ။ အသင်းမှာရော်နယ်ဒိုရှိနေပြီ၊ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်ရထားတဲ့ ဗာရန်းလည်းရှိနေပြီ၊ သူတို့အတွက် အရမ်းလိုအပ်တဲ့ ညာတောင်ပံအတွက်လည်း ဆန်ချိုကို စျေးကြီးပေးခေါ်ပြီးပါပြီ”

“ဟာရီကိန်းလိုသေးလို့လား၊ ခံစစ်ကိုရော ထပ်ပြီးအားဖြည့်ပေးရဦးမှာလား၊ ယူနိုက်တက် လူစာရင်းမှာ တစ်ယာက်ချင်းစီတိုင်းက အနည်းဆုံး ပေါင်သန်း (၅၀) တန်တဲ့ ကစားသမားတွေချည်းပဲ”

“အဲ့ဒါတောင်မှ အသင်းက ချန်ပီယံမဖြစ်နိုင်သေးဘူး။ အသင်းက လုံလုံလောက်လောက် ငွေမသုံးပေးဘူး၊ ဟာရီကိန်းလိုသေးတယ်၊ ဟိုလူဒီလူလိုအပ်နေတယ် လုပ်နေတာပါ။ အံ့သြစရာကောင်းတဲ့လူတွေပါ။ သူတို့ကို ကြည့်ပြီး ကျွန်တော် စိတ်ပင်ပန်းရပါတယ်” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။