(၂၁) ရာစုရဲ့ ဟက်ထရစ်အများဆုံးစာရင်းမှာ ရော်နယ်ဒိုကို မက်ဆီမယှဥ်နိုင်

(၂၁) ရာစုအတွက် ဟက်ထရစ်သွင်းယူမှု အများဆုံး ကစားသမားစာရင်းမှာ ရော်နယ်ဒိုက ထိပ်ဆုံးကဦးဆောင်နေပြီး မက်ဆီက ဒုတိယနေရာကလိုက်နေတယ်လို့ သိရှိရပါတယ်။

ရော်နယ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ လူဇင်ဘတ်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့နောက် ကစားသမားဘဝတစ်လျှောက် ဟက်ထရစ် (၅၈) ကြိမ်ရရှိခဲ့ပြီး မက်ဆီကတော့ (၅၃) ကြိမ်သာရရှိသေးတာပါ။ တတိယနေရာမှာတော့ အက်သလက်တီတိုက်စစ်မှူး ဆွာရက်ဇ်က (၂၉) ကြိမ်ရှိနေပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ဆွာရက်ဇ်ထက် (၃) ကြိမ်လျော့နည်းကာ (၂၆) ကြိမ်သာရှိနေတာပါ။

ဒီကစားသမားတွေအပြင် နောက်ထပ် ဟက်ထရစ်အကြိမ် (၂၀) နဲ့အထက်သွင်းယူထားနိုင်တဲ့ ကစားသမားဆိုလို့ နေမာတစ်ယောက်သာရှိပြီး ကျန်တဲ့ ကစားသမားတွေကတော့ (၂၁) ရာစုအတွင်း ဟက်ထရစ်အကြိမ် (၂၀) ကျော် သွင်းယူထားနိုင်ခြင်းမရှိသေးပါဘူး။

သူတို့နောက်မှာတော့ မာရီယိုဂိုးမက်ဇ်၊ ဟန်တယ်လာ၊ အဂွေရိုတို့က (၁၈) ကြိမ်စီ၊ အီဘရာဟီမိုဗစ်က (၁၇) ကြိမ်၊ ကာဗာနီနဲ့ ဟာရီကိန်းတို့က (၁၅) ကြိမ်စီရှိထားတယ်လို့ သိရပါတယ်။,

ဒီအရေအတွက်တွေဟာ ကလပ်ရော၊ နိုင်ငံအသင်းမှာပါ ပြိုင်ပွဲစုံသွင်းယူနိုင်တဲ့ ဟက်ထရစ်တွေကို ထည့်သွင်းရေတွက်ထားတာပါ။

မက်ဆီအနေနဲ့ ပုံမှန်ခြေစွမ်းပြန်လည်ပြသနိုင်ခဲ့ရင်တော့ ရော်နယ်ဒိုရဲ့ ဟက်ထရစ်အရေအတွက်ကို လိုက်မှီနိုင်ဖို့ မျှော်လင့်ချက်ရှိပြီး လီဝန်ဒေါစကီးနဲ့ ဆွာရက်ဇ်တို့အကြား ဟက်ထရစ်အရေအတွက်ကလည်း (၃) ကြိမ်သာ ကွာဟတာကြောင့် လီဝန်ဒေါစကီးတစ်ယောက် ဆွာရက်ဇ်ကို ကျော်နိုင်ဦးမလား စောင့်ကြည့်ရဦးမှာပါ။