မင်းလစ်ချင်လည်း လစ်တော့လို့ စတာလင်ကို ပြောပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် တစ်နေရာ တောင်းဆိုနေတဲ့ စတာလင်ကို လိုက်လျောမပေးနိုင်ဘူးလို့ ဆိုပါတယ်။

စတာလင်ဟာ ပုံမှန်ပွဲထွက်ခွင့်မရရင် အသင်းကထွက်မယ်လို့ အရိပ်အမြွက်ပြောကြားထားပြီး သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေတာပါ။ စတာလင်က အခွင့်အရေးသာရမယ်ဆိုရင် ပြည်ပထွက်ကစားမယ်လို့ဆိုထားပြီး ဂွါဒီယိုလာက ဒီအပေါ်မှာလည်း ဂရုစိုက်ဟန်မရှိပါဘူး။

အရင်တည်းက ဂွါဒီယိုလာနဲ့ လက်တွဲခဲ့ဖူးတဲ့ ကစားသမားတွေက ဂွါဒီယိုလာလက်ထက်မှာ မက်ဆီတစ်ယောက်ကလွဲရင် ကျန်တဲ့ဘယ်ကစားသမားမှ အရံခုံမထိုင်ရဘူးဆိုတဲ့ အာမခံချက်မရှိဘူးလို့ ဆိုထားပါတယ်။ လက်ရှိအချိန်မှာလည်း ဂွါဒီယိုလာက စတာလင်နဲ့ပတ်သက်ပြီး အခုလိုပြောကြားလာခဲ့ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော် ကစားသမားတွေကို ဘာမှအာမခံချက်မပေးနိုင်ပါဘူး။ ဒါကိုလည်း သူတို့ကို အကြိမ်ပေါင်းများစွာပြောပြီးပါပြီ။ ကစားသမားတစ်ယောက်က ဘယ်နှမိနစ် ကစားခွင့်ရမလဲ ကျွန်တော် အာမခံချက်မပေးနိုင်ပါဘူး”

“သူတို့အနေနဲ့ ပွဲကစားခွင့်ရသင့်၊ မရသင့် ကွင်းထဲမှာပဲ သက်သေပြပါ။ စတာလင်မှမဟုတ်ဘူး။ အကုန်လုံးပဲ။ ကစားသမားတွေက သူတို့ ကစားခွင့်ရမယ်ဆိုတာ သိတယ်၊ ဒါပေမယ့် ကျွန်တော်က (၁၁) ယောက်တည်း သုံးနေတာမဟုတ်ဘဲ အကုန်လုံးကို သုံးနေတာပါ” လို့ ပြောကြားခဲ့ပါတယ်။

အသင်းမှာမပျော်ရွှင်တဲ့ ဘယ်ကစားသမားကိုမှ အတင်းမဆွဲထားဘူးဆိုတာကိုလည်း ဂွါဒီယိုလာက “ကျွန်တော် စတာလင်အပြင် အသင်းမှာရှိတဲ့ ကစားသမားတိုင်းဆီက ဒီမှာနေရတာကို စိတ်ကျေနပ်တယ်၊ အသင်းအတွက်ရှိနေရတာ ပျော်တယ်ဆိုတာမျိုးပဲ ဖြစ်ချင်တာပါ”

“အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သူတို့နဲ့ သူတို့မိသားစုအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို လွတ်လွတ်လပ်လပ် ချမှတ်နိုင်ပါတယ်။ စတာလင်မှမဟုတ်ဘူး၊ ဘယ်သူကိုမှ ကျွန်တော် ချွင်းချက်မပေးနိုင်ပါဘူး။ သူတို့ လေ့ကျင့်ရေးအစီအစဥ်တိုင်းမှာ တိုးတက်အောင်သာ ကြိုးစားသင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ မန်စီးတီးမှာ ဗဟိုတိုက်စစ်မှူးနေရာ ဝင်ကစားနေတဲ့ ဖာရန်တောရက်စ် ဒဏ်ရာကြောင့် ဒီနှစ်ကုန်အထိ အနားယူရမှာက စတာလင်အတွက် အခွင့်အရေးတစ်ခုဖြစ်လာနိုင်မလားကိုလည်း စောင့်ကြည့်ရပါလိမ့်မယ်။