ဂိုးပေါက်ထဲမှာ အောက်စီဂျင်ပါပြတ်သွားအောင် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို အသုံးချခဲ့တဲ့ ရေဘဝဲမန်ဒီ

ချဲလ်ဆီး ဂိုးသမား မန်ဒီဟာ ဘရန့်ဖို့ဒ်ကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ညကပွဲမှာ အသင်းအတွက် အကောင်းဆုံး လက်စွမ်းပြသွားခဲ့ပါတယ်။

မန်ဒီအနေနဲ့ ဒုတိယပိုင်းတစ်ပိုင်းတည်းမှာတင် ဘရန့်ဖို့ဒ်ရဲ့ ဂိုးပေါက်တည့်ခြိမ်းခြောက်မှု (၇) ကြိမ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ဒီလို ကာကွယ်ဖို့အတွက် သူ့ရဲ့ မျက်နှာအပါအဝင် ဒူးခေါင်း၊ တံတောင်ဆစ်တို့နဲ့လည်း အဆင်ပြေသလို ကာကွယ်ခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်ဖို့ ထိုက်တန်ခဲ့တာပါ။

ချဲလ်ဆီးက ပထမပိုင်းပြီးခါနီးမှာ ဘင်ချီဝဲလ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘရန့်ဖို့ဒ်က ချေပဂိုးရရှိဖို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မန်ဒီရဲ့လက်စွမ်းပြမှုက ပြိုင်ဘက်နည်းပြ သောမတ်စ်ဖရန့်ကိုတောင် အံ့အားသင့်စေခဲ့ပြီး ချဲလ်ဆီးရဲ့နိုင်ပွဲအတွက် အရေးပါတဲ့ နေရာက ရှိနေခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ဟာ အာဆင်နယ်၊ လီဗာပူးတို့ကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ်ကို အနိုင်၊ လီဗာပူးကို သရေ ကစားခဲ့တာပါ။ ဒီပွဲမှာလည်း ဘရန့်ဖို့ဒ်တို့ရဲ့ အပိုင်အခွင့်အရေးတွေကိုသာ မန်ဒီမကာကွယ်နိုင်ခဲ့ရင် ချဲလ်ဆီးတို့ ရှုံးနိမ့်သွားနိုင်တာကို လက်ခံရပါလိမ့်မယ်။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်ကလည်း ဒီပွဲအပြီးမှာ မန်ဒီအပေါ်မှာ အသင်းကမှီခိုခဲ့ရကြောင်း၊ သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် အယောက် (၃၀) စာရင်းမှာ ပါဝင်သင့်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။