ပြိုင်ဘက်ဂုတ်ပေါ် တက်အောင်ပွဲခံလို့ အနီကတ်ထိတာကို ငိုနေသေးတဲ့ လာဇီယိုကစားသမား

မနေ့ညက ကစားခဲ့တဲ့ လာဇီယိုနဲ့အင်တာမီလန်တို့ရဲ့ပွဲမှာ အိမ်ရှင်လာဇီယိုက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ အင်တာမီလန်က ပါရီဆစ်ရဲ့ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လာဇီယိုက အီမိုဘီလီ၊ ဖိလစ်ပီအန်ဒါဆန်နဲ့ မီလင်ကိုဗစ်ဆာဗစ်တို့ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကြောင့် လာဇီယိုတို့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ မထင်မှတ်တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး လာဇီယိုနောက်ခံလူ လုဇ်ဖိလစ်ပီ အထုတ်ခံခဲ့ရတာပါ။

ဖိလစ်ပီဟာ ပွဲအပြီး အောင်ပွဲခံချိန်မှာ အပျော်လွန်ပြီး ပြိုင်ဘက်ကစားသမား ကော်ရီယာရဲ့ ဂုတ်ပေါ်တက် အောင်ပွဲခံခဲ့တာကြောင့် ပွဲဆူသွားခဲ့ပါတယ်။ ကော်ရီယာဟာ လာဇီယို ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး လာဇီယိုမှာရှိနေတုန်းက ဖိလစ်ပီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တာပါ။

ဒါပေမယ့် အခု အင်တာမီလန်ကစားသမားဖြစ်နေချိန်မှာ ဖိလစ်ပီက ကော်ရီယာအပေါ်ကို ပြေးတက်အောင်ပွဲခံခဲ့တာကြောင့် ကော်ရီယာက ဖိလစ်ပီကို ချက်ချင်းတုံ့ပြန်ခဲ့ပြီး နှစ်ဖက်ကစားသမားတွေအကြား ပြဿနာဖြစ်ခဲ့သလို ဖိလစ်ပီလည်း အနီကတ်ပြသခံခဲ့ရပါတယ်။

ဖိလစ်ပီဟာ အနီကတ်ပြသခံခဲ့ရပြီးနောက် ငိုကြွေးနေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်က ပရိသတ်တွေအတွက် ရယ်စရာဖြစ်ရပ်တစ်ခုလို့ဆိုရမှာဖြစ်ပြီး ဖိလစ်ပီရဲ့ လုပ်ရပ်ကလည်း အံ့အားသင့်စရာပါ။

ဖိလစ်ပီက ကော်ရီယာကို ခင်မင်မှုနဲ့ပဲ အခုလိုလုပ်ခဲ့တာလား ဒါမှမဟုတ် သတိလက်လွတ်ပဲ ပြုမူခဲ့လားဆိုတာကိုတော့ မသိနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ သူ့ရဲ့လုပ်ရပ်ကမဖြစ်သင့်တာကိုတော့ သူကိုယ်တိုင် လက်ခံထားရပါလိမ့်မယ်။