ကျွန်တော်နည်းနည်းမှားသွားတာနေမယ်ဗျလို့ဆိုလာတဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မနေ့ည လက်စတာကို ၄-၂ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ အမှားအယွင်းအနည်းငယ် ကျူးလွန်မိတယ်လို့ ဖွင့်ဟဝန်ခံလာပါတယ်။

အဝေးကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ယူနိုက်တက်တို့ ဂရင်းဝုဒ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ခံစစ်တန်းအားနည်းချက် အရမ်းများပြားခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်တို့ ပရီးမီးယားလိဂ်နောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ပွဲအပြီး စကိုင်းစပေါ့နဲ့ တွေ့ဆုံခန်းမှာတော့ ဆိုးလ်ရှားက “မက်ဂွိုင်းရားကို အသုံးပြုခဲ့တာက သူ့ဒဏ်ရာက နာကျင်မှုရှိတဲ့ဟန်ပုံစံမျိုး မပေါ်တော့လို့ပါ”

“ဒါပေမယ့် ဒါက အလုပ်မဖြစ်ခဲ့တဲ့အခါကျတော့ ကျွန်တော့်ကိစ္စဖြစ်သွားတာပေါ့။ (၄) ဂိုးပေးခဲ့ရတာဆိုတော့ ကျွန်တော် ဆိုးရွားတဲ့ဆုံးဖြတ်ချက် နည်းနည်းလေးလုပ်ခဲ့ကောင်း လုပ်ခဲ့တာ ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ဆိုးလ်ရှားက “ကျွန်တော်တို့ (၄) ဂိုးပေးလိုက်ရတာက တော်တော်လေးကို ဆိုးရွားပါတယ်။ စွမ်းဆောင်ရည်က ပျမ်းမျှအဆင့်တောင်မရှိခဲ့ပါဘူး။ ဂရင်းဝုဒ်ရဲ့ အရမ်း အရမ်းကိုကောင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ထပ်ဂိုးရဖို့လည်းရှိခဲ့ပါတယ်”

“ဒါပေမယ့် စိတ်ပျက်ဖို့ကောင်းတဲ့ပုံစံနဲ့ ချေပဂိုးပေးခဲ့ရပါတယ်။ ဒုတိယပိုင်းတစ်ပိုင်းလုံးတင်မဟုတ်ဘူး။ တစ်ပွဲလုံးမှာ သူတို့က အခွင့်အရေးအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ Set- Piece ကနေ (၂) ဂိုးပေးလိုက်ရတာလည်း စိတ်ပျက်စရာပါ” “ချေပဂိုးရပြီး (၁၀) စက္ကန့်အတွင်း ဦးဆောင်ဂိုးပေးလိုက်ရတာလည်း မဖြစ်သင့်ပါဘူး။ ဘောလုံးဆုံးရှုံးချိန်မှာ ကျွန်တော်တို့ ကစားပုံမကောင်းခဲ့ပါဘူး။ ပြေးလွှားနေရမယ်၊ လိုက်လံဖျက်ထုတ်နေရမယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဒါကို လုံလုံလောက်လောက် မလုပ်ပြနိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။