“ဆာလာထက် ဘယ်သူပိုကောင်းလဲ ပြောလေ …. ပြော” ဆိုတဲ့ ယာဂင်ကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ (၅) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဆာလာဟာ ဒီပွဲမှာ မာနေးရဲ့သွင်းဂိုးအတွက် ဖန်တီးပေးခဲ့သလို ပရိသတ်တွေအားလုံး ပါးစပ်အဟောင်းသာဖြစ်သွားစေမယ့် သွင်းဂိုးတစ်ဂိုးကိုလည်း တစ်ကိုယ်တော် အရည်အချင်းနဲ့ သွင်းယူပြခဲ့သေးတာပါ။

ဒီပွဲမှာ ဖေမီနိုကလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး လီဗာပူးတိုက်စစ် (၃) ယောက်လုံး ဂိုးမြူးခဲ့တဲ့ညလို့ဆိုနိုင်ပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာတော့ ကလော့ပ်က “ဆာလာရဲ့ ဒီနေ့စွမ်းဆောင်ရည်က တကယ်ကို ကြီးကျယ်ခမ်းနားပါတယ်။ ပထမဂိုးအတွက် သူ့ရဲ့ပေးပို့မှုကလည်း ကြီးကျယ်ခမ်းနားပါတယ်”

“ဒုတိယဂိုးကလည်း တကယ်ကို ထူးရှယ်ပါပဲ။ ဆာလာက ထိပ်တန်းကစားသမားဆိုတာ ကျွန်တော်တို့ အားလုံးမြင်တွေ့ခဲ့ပြီးပါပြီ။ သူ့ထက် ပိုကောင်းတာ ဘယ်သူရှိလဲ? မက်ဆီ၊ ရော်နယ်ဒိုတို့ ကမ္ဘာ့ဘောလုံးလောကမှာ စွမ်းဆောင်ခဲ့တာနဲ့ သူတို့ရဲ့ လွှမ်းမိုးမှုအကြောင်းတော့ လာမပြောနဲ့ပေါ့ဗျာ”

“အခုချိန်မှာ ဆာလာက အကောင်းဆုံးပဲ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဆာလာဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး (၇) ဂိုးရှိလာခဲ့ပြီး ပြိုင်ပွဲစုံမှာလည်း လီဗာပူးအတွက် (၁၀) ပွဲကစား၊ (၁၀) ဂိုးသွင်းထားပြီးပါပြီ။

ဒီကစားသမားဟာ လီဗာပူးနဲ့ စာချုပ်သစ်ချုပ်ဖို့အတွက်တော့ လိပ်ခဲတည်းလည်းဖြစ်နေပြီး မနေ့ကပွဲအပြီးမှာတော့ ဆာလာအလိုရှိတဲ့ စံချိန်တင်လစာနဲ့ စာချုပ်သစ်ချုပ်သင့်တယ်ဆိုတဲ့ အမြင်တွေလည်း ထွက်ပေါ်နေပါတယ်။