ပရီးမီးယားလိဂ်မှာကြိုက်တဲ့အသင်းတက်လာခဲ့၊ တောက်ချဖို့ ယုံကြည်ချက်ရှိတဲ့ ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ဟာ သူ့အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာရှိတဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူမယ်ဆိုတဲ့ ယုံကြည်ချက်ကို ကစားသမားတွေရဲ့စိတ်ထဲ ရိုက်သွင်းပေးထားတယ်လို့ သိရှိရပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အိမ်ကွင်းပွဲမှာ ဘရန့်ဖို့ဒ်တို့ ၀-၁ ဂိုးနဲ့ ကပ်ရှုံးခဲ့ပေမယ့် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ချဲလ်ဆီးဂိုးသမား မန်ဒီကလည်း လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဘရန့်ဖို့ဒ်တို့ ဂိုးပေါက်ပျောက်ခဲ့ရတာပါ။

ဘရန့်ဖို့ဒ်ဟာ ရာသီအဖွင့်မှာလည်း အာဆင်နယ်ကို အနိုင်ကစားခဲ့ပြီး လီဗာပူးကိုလည်း အိမ်ကွင်းမှာတင် တစ်ဖက် (၃) ဂိုးစီသရေကစားနိုင်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း တန်းတက်ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းကို ပရိသတ်တွေက အထူးချီးကျူးနေပြီး သောမတ်စ်ဖရန့်ကိုယ်တိုင်ကပါ ဘယ်အသင်းကိုမဆို အနိုင်ကစားနိုင်မယ့် စိတ်ဓာတ်မျိုး ရိုက်သွင်းပေးထားတယ်လို့ တိုက်စစ်ကစားသမား ဂေါ့ဒို့စ်က ဆိုလာပါတယ်။

ဂေါ့ဒို့စ်က “ကျွန်တော်တို့က အနိုင်ယူဖို့ပဲ ကစားခဲ့ပြီး ဘယ်တော့မှ သရေအတွက် မျှော်ကိုးပြီး မကစားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကစားရခက်တဲ့ပွဲတွေမို့လို့လေ။ နည်းပြ ကိုယ်တိုင်က ကျွန်တော်တို့ကို စိတ်ဓာတ်လှုံ့ဆော်ပေးပြီး ပွဲတိုင်းကို နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးကို ရိုက်သွင်းပေးထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

နည်းပြ သောမတ်စ်ဖရန့်ကလည်း “ကျွန်တော်တို့က ဥရောပရဲ့ ချန်ပီယံတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပရီးမီးယားလိဂ်ရဲ့ နံပါတ် (၁) အသင်းပေါ့။ ဘလွန်းဒီအော်အတွက် ဆန်ခါတင်စာရင်းမှာလည်း သူတို့ကစားသမား (၅) ယောက်ပါတယ်လေ။ တကယ်ကို ရူးသွပ်ချင်စရာပွဲတစ်ပွဲပါ။ ကျွန်တော်တို့က ကိုယ်လုပ်နိုင်တဲ့အရာအားလုံးကို လုပ်ပြချင်ခဲ့ပြီး လုပ်နိုင်ခဲ့တယ်လည်း ထင်ပါတယ်”

“အနိုင်မရရှိခဲ့တာ ကျွန်တော်တို့အတွက် တကယ် တကယ်ကို ကံဆိုးခဲ့တာဖြစ်ပြီး ဒါကို ချဲလ်ဆီးကလည်း လက်ခံပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၉) နေရာမှာ ရပ်တည်နေပါတယ်။