လီဗာပူးနဲ့ကန်မယ့်ပွဲမှာ အကြီးအကျယ်ဆန္ဒပြဖို့ရှိနေတဲ့ ယူနိုက်တက်ပရိသတ်များ

ယူနိုက်တက်ပရိသတ်တွေဟာ လာမယ့်တစ်ပတ်မှာ ကစားမယ့် လီဗာပူးနဲ့ အိမ်ကွင်းပွဲမှာ ဆန္ဒပြပွဲတစ်ခုကို အကြီးအကျယ်ပြုလုပ်သွားဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာလည်း ယူနိုက်တက်ပရိသတ်တွေက ကွင်းအတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ဆန္ဒပြခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရပါသေးတယ်။ ဗြိတိန်သတင်းဌာနအချို့ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ လာမယ့်အပတ်မှာလည်း အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားမှာကို စိုးရိမ်နေပါတယ်။

ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်မှာလည်း ယူနိုက်တက်ပရိသတ်အချို့က ဆန္ဒပြပွဲစီစဥ်ထားတယ်ဆိုတာကို အသိပေးပြီး ပူးပေါင်းပါဝင်ကြဖို့ လှုံ့ဆော်မှုတွေရှိနေတာပါ။

မေအတွင်းက ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ ယူနိုက်တက်ပရိသတ်တွေက အသင်းကစားသမားတွေ တည်းခိုရာ Lowry Hotel က ထွက်ခွာလို့မရအောင် တားဆီးခဲ့ကြသလို အိုးထရက်ဖို့ဒ်ရှေ့မှာလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုတွေရှိခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရသူတွေလည်းရှိပါတယ်။

ရွှေ့ဆိုင်းခဲ့ရတဲ့ လီဗာပူးနဲ့ပွဲ ပြန်လည်ကစားဖို့ ကြိုးစားချိန်မှာလည်း ယူနိုက်တက်ပရိသတ်တွေဟာ လီဗာပူးကစားသမားတွေစီးနင်းလာတဲ့ ဘတ်စ်ကားကို လမ်းပိတ်ဆို့အောင် ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဲ့ဒီအချိန်မှာတော့  လီဗာပူးက လှည့်ကွက်အသုံးပြုပြီး ကစားသမားတွေကို အခြားကားတစ်စီးနဲ့ ပို့ဆောင်ထားတာကြောင့် ပွဲကိုပုံမှန်အတိုင်း စတင်ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ အသင်းပိုင်ရှင်ဂလေဇာအပေါ်မှာ ကာလရှည်မကျေမနပ်ဖြစ်နေကြပြီး စူပါလိဂ်ကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့လို့လည်း အခုလို ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လက်ရှိအချိန်မှာလည်း ယူနိုက်တက်ပရိသတ်တွေက လာမယ့်အပတ်မှာ ကစားမယ့် လီဗာပူးနဲ့ပွဲမတိုင်ခင် အကြီးအကျယ်ဆန္ဒပြဖို့ ပြင်ဆင်နေပြီး ဒီတစ်ကြိမ်အတွက်လည်း အသင်းတာဝန်ရှိသူတွေဘက်က ထိတ်လန့်နေရပြီလို့ သိရှိရပါတယ်။