အမ်ဘာပေကို ခေါက်ထားလိုက်၊ ဒမ်ဘီလီကို ခေါ်ကြဆိုပြီး လုပ်ခဲ့တဲ့ ဘာစီလိုနာရဲ့အဖြစ်

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ (၂၀၁၇) မှာ အမ်ဘာပေကို ခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် အသင်းနည်းပြအဖွဲ့ဝင်တွေက ငြင်းဆန်ခဲ့ပြီး ဒမ်ဘီလီနဲ့ကော်တင်ဟိုကိုသာ ဦးစားပေးခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သိရှိရပါတယ်။

ဒီအကြောင်းတွေကိုတော့ ဘာစီလိုနာဥက္ကဌဟောင်း ဘာတိုမြူက ဖွင့်ဟပြောကြားလာတာဖြစ်ပြီး ဘာစီလိုနာတို့ ခေါ်ယူခဲ့တဲ့ ဒီကစားသမားတွေက လက်ရှိအချိန်မှာတော့ အသင်းအတွက် ဘာမှကို မည်မည်ရရစွမ်းဆောင်ထားတာမျိုး မရှိသေးပါဘူး။

ဘာတိုမြူဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ဘာစီလိုနာဥက္ကဌ ရာထူးကနေ နှုတ်ထွက်စာတင်ခဲ့ပြီး အသင်းမှာ သူမွှေခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတယ်လို့ လက်ရှိဥက္ကဌ လာပေါ်တာနဲ့အဖွဲ့က စွပ်စွဲထားပါသေးတယ်။

တစ်ချိန်က အမ်ဘာပေကို ငြင်းဆန်ခဲ့တာနဲ့ပတ်သက်လို့တော့ ဘာတိုမြူက “အမ်ဘာပေကို စာချုပ်ချုပ်ဖို့ကိစ္စက စားပွဲဝိုင်းပေါ် ရောက်နေပြီ။ ဒါပေမယ့် နည်းပြအဖွဲ့ဝင်တွေက ဒမ်ဘီလီကို ပိုပြီး ခေါ်ချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကွင်းထဲမှာ ပိုပြီး လွတ်လွတ်လပ်လပ် ကစားတဲ့သူကို လိုချင်ကြလို့ပါ”

“အချို့အပြောင်းအရွှေ့တွေက ကျွန်တော်တို့ မျှော်လင့်ချက်တွေကို လိုက်မမှီခဲ့ပါဘူး။ ပိုက်ဆံတွေ အများကြီး အသုံးပြုခဲ့ရသည့်တိုင်အောင်ပေါ့။ ဒါပေမယ့် ဒါက ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကော်တင်ဟို ရောက်လာတယ်။ ဘာလို့လဲဆိုတော့ အင်နီယေစတာ ထွက်သွားလို့။, ကော်တင်ဟိုက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဖြစ်ခဲ့တယ်လေ”

“ဒမ်ဘီလီလည်း ရောက်လာတယ်။ ဘာလို့လဲဆိုတော့ နေမာထွက်သွားလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ကို ခေါ်ယူခဲ့မှုက ဘာစီလိုနာကို ဒီလိုအခက်အခဲကြားထဲ ရောက်စေမယ့် ကနဦးခြေလှမ်းလို့ဆိုနိုင်ပြီး သူတို့ငြင်းခဲ့တဲ့ အမ်ဘာပေကတော့ နောက်ထပ် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာဖို့ ရှိနေပါသေးတယ်။