လီဝန်က တစ်နှစ်စာအတွက်တောင်မဟုတ်ဘူး၊ နှစ်နှစ်စာအတွက် ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ဒီဘရိုင်း

မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းက (၂၀၂၁) ဘလွန်းဒီအော်အတွက် သူ့ရဲ့ယူဆချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

လက်ရှိ (၂၀၂၁) အတွက် ဒီဆုကို မက်ဆီ၊ ဂျော်ဂျင်ဟို၊ ကန်တီနဲ့ လီဝန်ဒေါစကီးတို့ အပြိုင်အဆိုင် ရေပန်းစားနေပြီး နောက်ပိုင်းနှစ်တွေထဲမှာ ခန့်မှန်းရအခက်ဆုံးနှစ်တစ်နှစ်လို့ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၀) မှာ ကိုဗစ်ကြောင့် ဆုပေးပွဲကို မကျင်းပဖြစ်ခဲ့ဘဲ ဘလွန်းဒီအော်ကို သေချာပေါက်ဆွတ်ခူးရမယ့် လီဝန်ဒေါစကီးအတွက် နစ်နာခဲ့တယ်လို့ ယူဆနေကြတာပါ။ လက်ရှိအချိန်မှာတော့ ဒီဘရိုင်းက ဘလွန်းဒီအော်အတွက် လီဝန်ဒေါစကီးနဲ့ ပတ်သက်လို့ အခုလို ပြောကြားလာခဲ့ပါတယ်။

ဒီဘရိုင်းက “ကျွန်တော်သာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် နှစ်နှစ်စာလောက်ကို ကျွန်တော်က ကြည့်မှာပါ။ ဘာလို့လဲဆိုတော့ မနေ့က ကျွန်တော်တို့ ဆုပေးပွဲမရှိဘူးလေ။ ဒီတော့ ကျွန်တော့်အတွက် လီဝန်ဒေါစကီးကိုပဲ ရွေးချယ်မှာပါ”

“နောက်ဆုံးနှစ်နှစ်မှာ သူ့ရဲ့ဂိုးသွင်းစွမ်းရည်က တကယ်ကို ကောင်းမွန်ပြီး လီဝန်ဒေါစကီးကသာ ဘလွန်းဒီအော်အတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘလွန်းဒီအော်ကို (၆) ကြိမ်နဲ့ အများဆုံးဆွတ်ခူးထားတဲ့ မက်ဆီကလည်း ဒီနှစ်မှာ (၇) ကြိမ်မြောက်အဖြစ် ဆွတ်ခူးဖို့ ရေပန်းစားနေပါတယ်။ ရော်နယ်ဒိုကတော့ ဒီနှစ်အတွက် ဆွတ်ခူးနိုင်ခြေနည်းပါးနေတာကြောင့် မက်ဆီ၊ ဂျော်ဂျင်ဟို၊ လီဝန်ဒေါစကီးတစ်ယောက်ယောက်ထဲကပဲ (၂၀၂၁) ဘလွန်းဒီအော်ကို ဆွတ်ခူးနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။