ချဲလ်ဆီးမှာကစားပြီး မိုက်ကယ်ဂျော်ဒန်လိုအောင်မြင်ဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့ရတဲ့ နေမာ

နေမာဟာ တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ တော်တော်လေး နီးစပ်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့လှည့်ကွက်တွေကြောင့် လွဲချော်ခဲ့ရတယ်လို့ ဘောလုံးရှေ့နေတစ်ယောက်ဖြစ်တဲ့ မားကို့စ်မော့တာကဆိုပါတယ်။

ဒါဟာ နေမာရဲ့ ဆန်းတို့စ် ကစားသမားဘဝကဖြစ်ရပ်တစ်ခုဖြစ်ပြီး ချဲလ်ဆီးရဲ့အားကစားဒါရိုက်တာဟောင်း အီမီနာလိုက နေမာနဲ့ သူ့ရဲ့ဖခင်ကို အကောင်းဆုံးစည်းရုံးသိမ်းသွင်းနိုင်ခဲ့တာပါ။

အီမီနာလိုက နေမာကို မိုက်ကယ်ဂျော်ဒန်လို အောင်မြင်စေရမယ်လို့ စည်းရုံးခဲ့ပြီး ဒီအပေါ်မှာ နေမာတို့ သားအဖ တော်တော်လေး စိတ်ဝင်စားခဲ့တဲ့အကြောင်းကို မော့တာက အခုလိုပြောပြခဲ့ပါတယ်။

မော့တာက “နေမာရဲ့အဖေက သူ့ဖုန်းကို နာရီဝက်လောက်ကြာတဲ့အထိ တစ်ချက်မကြည့်ဘဲ သူများပြောတာ နားထောင်ခဲ့တာ ဒါပထမဆုံး ကျွန်တော် မြင်ခဲ့ဖူးတာပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုကို အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အေးဂျင့်ဇဟာဗီနဲ့ ဆန်းတို့စ်ဥက္ကဌတို့ကတော့ ချဲလ်ဆီးကို ပြောင်းရွှေ့ခွင့် မပေးလိုခဲ့ပါဘူး။

ချဲလ်ဆီးက နေမာကို ချက်ချင်းစာချုပ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆန်းတို့စ်ကတော့ ရီးရဲယ်မက်ဒရစ်ရဲ့ ပေါင် (၃၈) သန်းတန် ကမ်းလှမ်းမှုကိုသာ လက်ခံဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နေမာကိုယ်တိုင်ကတော့ ဘာစီလိုနာကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ပြီး (၂၀၁၃) မှာ နူးကမ့်ကိုသာ ရောက်ရှိသွားခဲ့တာပါ။

နေမာဟာ ဘာစီလိုနာမှာ (၂၀၁၇) အထိ ကစားခဲ့ပြီး အဲ့ဒီနောက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို (၂၂၂) သန်းနဲ့ PSG ကို ထပ်မံပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။