လက်ဦးဆရာဒင်ဟို လာကြည့်တဲ့ပွဲမှာ သွင်းဂိုးတွေနဲ့အတူ ပီတိတွေမျှဝေပေးခဲ့သူ မက်ဆီ

မနေ့ညက ပီအက်စ်ဂျီနဲ့လိုက်ပ်ဇစ်တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲကို ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမားကြီး ရော်နယ်ဒင်ဟို လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီပွဲမှာတော့ ပီအက်စ်ဂျီက လိုက်ပ်ဇစ်ကို အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မက်ဆီကလည်း (၂) ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပွဲမစခင်မှာ မက်ဆီနဲ့ ရော်နယ်ဒင်ဟိုတို့ တွေ့ဆုံခဲ့ပြီး နှစ်ယောက်သား ကြည်ကြည်နူးနူး ပွေ့ဖက်နှုတ်ဆက်ခဲ့တာကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရသေးတာပါ။

ရော်နယ်ဒင်ဟိုနဲ့မက်ဆီတို့ဟာ ဘာစီလိုနာမှာ အသင်းဖော်တွေဖြစ်ခဲ့ကြပြီး မက်ဆီရဲ့ ကစားသမားဘဝကို ဆွဲတင်ပေးခဲ့တဲ့ လက်ဦးဆရာ ကစားသမားအဖြစ် ရော်နယ်ဒင်ဟိုကို ထာဝရအမှတ်ရနေကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဘာစီလိုနာမှာ အတူတွဲကစားရင်း လာလီဂါအမှတ်ပေးဖလား (၂) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်တို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သေးတာပါ။

ရော်နယ်ဒင်ဟိုကလည်း ပီအက်စ်ဂျီမှာ ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ မက်ဆီကပါ ဘာစီလိုနာမှာရော၊ ပီအက်စ်ဂျီမှာပါ ကစားခဲ့ဖူးတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

မက်ဆီသွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးမှာ ပင်နယ်တီတစ်ဂိုးပါဝင်ခဲ့ပြီး  ဒီပင်နယ်တီကိုလည်း ပန်နီကာကန်ချက်နဲ့ အကောင်းဆုံးအဆုံးသတ်ခဲ့တာပါ။

မက်ဆီအတွက်တော့ ပီအက်စ်ဂျီကစားသမားဘဝမှာ တစ်ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ ပထမဆုံးပွဲဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း နောက်ဆုံးနှစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ဟက်ထရစ်ရမယ့် အခွင့်အရေးရှိခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အသင်းဖော် အမ်ဘာပေကို ပေးကန်ခဲ့ပြီး အမ်ဘာပေရဲ့ ပင်နယ်တီကန်ချက်ကတော့ ဂိုးမဝင်ခဲ့ပါဘူး။