အတ္တလန်တာကို ရုတ်ရုတ်သွားမလုပ်ဖို့ ယူနိုက်တက်ကို (၁၉) နှစ်သားက သတိပြန်ပေးနေရ

လက်ရှိ ယူနိုက်တက်ကစားသမားဖြစ်တဲ့ အသက် (၁၉) နှစ်အရွယ် အာမက်ဒီယာလိုက ဒီည အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်တို့ အမှားကြီးမလုပ်ဖို့ သတိပေးပြောကြားခဲ့ရပါတယ်။

အာမက်ဟာ အတ္တလန်တာ ကစားသမားဟောင်းဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် (၃၇) သန်းနဲ့ ပြောင်းရွှေ့လာသူပါ။ ဒီညမှာ ယူနိုက်တက်က ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် အတ္တလန်တာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ယန်းဘွိုင်းစ်ကို ရှုံးနိမ့်ခဲ့ပြီး ဗီလာရီးရဲယ်ကို နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ အုပ်စုကျွတ်ချင်တယ်ဆိုရင်တော့ အတ္တလန်တာနဲ့ပွဲကို အမှားခံလို့မရဘဲ ဒီပွဲအတွက် အာမက်က အခုလိုပဲ သတိပေးခဲ့ပါတယ်။

အာမက်က “အရင်ဆုံးအနေနဲ့ ကျွန်တော်တို့ အတ္တလန်တာကို အထင်မသေးမိဖို့ လိုအပ်ပါတယ်။ တကယ်လို့ အဲ့ဒီလိုသွားလုပ်ရင် ခင်ဗျားက အမှားကြီးတစ်ခုကို ကျူးလွန်မိလိုက်တာပဲ။ သူတို့က ထိပ်တန်းနည်းပြကို ပိုင်ဆိုင်ထားပြီး အသင်းကောင်းတစ်သင်း၊ ပရိသတ်ကောင်းကောင်းရှိတဲ့အသင်းပါ”

“ပြိုင်ဘက်ကို ဖိအားပေးတယ်၊ ခင်ဗျားကို လိုသလို ကစားခွင့်မပေးဘဲ အခက်အခဲကြားထဲ တွန်းပို့နိုင်ပါတယ်။ ဂိုဆင်စ်နဲ့ မာလင်နော့ဗ်စကီးတို့က ကိုယ်ပိုင်အားသာချက်နဲ့ ခင်ဗျားတို့ကို ခက်ခဲစေမှာပါ။ ဘောလုံးမရှိချိန်မှာတောင် အသားကုန်ပြေးလွှားနေကြပြီး အထူးသဖြင့် သူတို့နှစ်ယောက်ပေါ့”

“ခင်ဗျားလည်း ဘောလုံးဆုံးရှုံးပြီဆိုတာနဲ့ ပြဿနာတက်ပြီသာမှတ်ပေတော့။ ဘာလို့လဲဆိုတော့ သူတို့က အစွမ်းကုန်ပြေးလွှားကြိုးစားနေပြီး ခင်ဗျားဒုက္ခရောက်တော့မှာပါ” လို့ သတိပေးပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။