ချန်ပီယံလိဂ်ပွဲအတွက် တစ်သင်းလုံးကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူးကြီး ရော်နယ်ဒိုက ဒီနေ့ညမှာ ကစားမယ့် အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအတွက် အသင်းသားတွေကို နောက်ထပ်ချွင်းချက်မလိုချင်တော့ဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြိုင်ပွဲစုံနောက်ဆုံး (၇) ပွဲမှာ (၂) ပွဲသာ အနိုင်ရရှိခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ လက်စတာနဲ့ အဝေးကွင်းပွဲမှာလည်း ၄-၂ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။

အဲ့ဒါကြောင့်လည်း နည်းပြဆိုးလ်ရှားအပါအဝင် ယူနိုက်တက်တစ်သင်းလုံးအပေါ် ဖိအားသက်ရောက်နေပြီး ရော်နယ်ဒိုကတော့ အခုလိုပဲ သတိပေးခဲ့ပါတယ်။ ရော်နယ်ဒိုက “ငါတို့ရဲ့ အချိန်တွေရောက်လာပြီ”

“ငါတို့အသင်းက ဘယ်လိုအသင်းမျိုးလဲဆိုတာကို ပြသဖို့ လိုအပ်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အပြီးပြည့်စုံဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ နောက်ထပ် ဘာချွင်းချက်မှ မလိုချင်တော့ဘူး။ လုပ်ကြရအောင်” လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဒီညချန်ပီယံလိဂ်ပွဲက အမှားခံလို့မရတော့ပါဘူး။ အုပ်စုတွင်းမှာ အားအနည်းဆုံးပြိုင်ဘက် ယန်းဘွိုင်းစ်ကို ရှုံးနိမ့်ခဲ့ပြီး ဗီလာရီးရဲယ်ကို နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူနိုက်တက်တို့ လက်ရှိဒီအုပ်စုရဲ့ အတောင့်တင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ အတ္တလန်တာနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။

ယူနိုက်တက်အတွက်တော့ ပွဲကျပ်ကာလတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပြီး ဒီပွဲပြီးရင်တော့ လီဗာပူးနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ စပါးနဲ့အဝေးကွင်း၊ အတ္တလန်တာနဲ့ပဲ ချန်ပီယံလိဂ်အဝေးကွင်းပွဲအဖြစ် ဆက်တိုက်ရင်ဆိုင်ပြီး မန်စီးတီးကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားရတော့မှာလည်းဖြစ်ပါတယ်။