ဂိုးပေါက်ဘယ်ရောက်မှန်းမသိဖြစ်နေတဲ့ လူကာကူက စိတ်ပင်ပန်းနေပြီလို့ ကာကွယ်ပေးလိုက်တဲ့ တူချယ်လ်

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က အသင်းရဲ့ တိုက်စစ်မှူး လူကာကူနဲ့ ပတ်သက်လို့ ဒီညကစားမယ့် မာလ်မိုနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ဖွင့်ဟပြောကြားလာပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၉၇.၅) သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကိုရောက်ရောက်ချင်း ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ (၆) ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

ဒီလိုမျိုးလူကာကူနဲ့ပတ်သက်လို့ ချဲလ်ဆီးနည်းပြ တူချယ်လ်က “ကျွန်တော်တို့အတွက် ပုံစံကောင်းတွေ၊ လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးခဲ့ပါတယ်။ ပျော်စရာလည်းမရှိခဲ့ပါဘူး။ အဓိကပြဿနာက စိတ်ပိုင်းဆိုင်ရာ၊ ခံယူချက်မဟုတ်ပါဘူး”

“ခရီးတွေသွားပြီး ပြန်လာရတယ်၊ လေယာဥ်ပေါ်က ဆင်းရတက်ရတယ်။ အချိန်တွေကွာတယ်၊ ဟိုတယ်ကို ရောက်တယ်၊ ဟိုတယ်တစ်ခု ထပ်ပြောင်းတယ်၊ ခင်ဗျားတို့ကတော့ ဒါကို လွယ်လွယ်လေး ပြောကြမှာပေါ့။ နောက်တော့ မိသားစုနဲ့အိမ်မှာတစ်ရက်နေတယ်။ ပြီးတော့ ဘရန့်ဖို့ဒ်နဲ့ ကစားရတယ်၊ နောက်ပြီး ချန်ပီယံလိဂ်ရောက်လာတယ်၊ မပင်ပန်းဘဲ နေမလားဗျ”

“လူကာကူက ပွဲတွေအများကြီးကစားခဲ့ရတယ်၊ နေးရှင်းလိဂ်ကစားခဲ့ရတယ်၊ သူက ထူးချွန်တဲ့ ကစားသမားပါ။ သူက ကိစ္စတွေကို လွယ်လွယ်ကူကူနဲ့ မဖြတ်သန်းချင်ပါဘူး။ လက်ရွေးစင်အတွက် အရာအားလုံးကို ပေးဆပ်ကစားချင်ပြီး မျှော်လင့်ထားတဲ့အတိုင်းမဖြစ်လာသလို၊ ဒီအရာတွေက သူ့ကို စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေတယ်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်မှာ ဘယ်လ်ဂျီယံနဲ့အတူ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်၊ တတိယလုပွဲတို့ကို ကစားခဲ့ရပြီး နှစ်ပွဲလုံးရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။