ယူနိုက်တက် တို့ အတ္တလန်တာ ကို သေချာပေါက် အနိုင်ရမယ်ဆိုတဲ့ မိုက်ကယ်အိုဝင်

ဘောလုံးပွဲခန့်မှန်းသုံးသပ်နေတဲ့ မိုက်ကယ်အိုဝင် ကတော့ မနက်ဖြန်မနက်ပိုင်းမှာ ကစားမယ့် မန်ချက်စတာယူနိုက်တက် နဲ့ အတ္တလန်တာ အသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို ခန့်မှန်းသုံးသပ်ပေးလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်စတာ အသင်းကို (၄)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ(၇)ပွဲမှာ (၂)ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေဆိုးရွားနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းစ် အသင်းကို အရေးနိမ့်ထားပါတယ်။ဒုတိယပွဲစဉ်မှာ ဗီလာရီးရယ်လ် အသင်းကို ရော်နယ်ဒို ရဲ့နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

အတ္တလန်တာ နဲ့ ပွဲဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် အုပ်စုကနေ နောက်တဆင့်တက်ဖို့ အတွက် အရေးပါတဲ့ ပွဲဖြစ်ပြီး (၂)သင်းလုံးအတွက် ရလဒ်ကောင်းရဖို့ အရေးကြီးနေတာလည်းဖြစ်ပါတယ်။မိုက်ကယ်အိုဝင် ကတော့ ဒီပွဲမှာ သူ့အသင်းဟောင်းက အနိုင်ရသွားမယ်လို့ ခန့်မှန်းထားတာပါ။

မိုက်ကယ်အိုဝင်က “ပြီးခဲ့တဲ့ အပတ်က လက်စတာ အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် သူတို့ရဲ့ပုံစံက ကောင်းမွန်မှုမရှိခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဒီနေရာမှာ ဆိုးလ်ရှားအပေါ် ဖိအားတွေကြီးကြီးမားမား ကျရောက်နေပါတယ်”

“ကျွန်တော်ကတော့ အိုးထရက်ဖိုဒ့်မှာ အလွန်ကောင်းမွန်တဲ့ ပရိသတ်တွေရဲ့အားပေးမှုတွေကို မျှော်လင့်နေပြီး အတ္တလန်တာ အသင်းက ဒါကို ကိုင်တွယ်နိုင်ဖို့ ရုန်းကန်ရမယ်လို့ ထင်ပါတယ်။ဂိုးတော့ပြတ်မှာမဟုတ်ပေမယ့် ယူနိုက်တက်ကပဲ (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရသွားမယ်လို့”ထင်ကြောင်း ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲပြီးရင် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ဆိုးလ်ရှား အနေနဲ့ ဒီပွဲမှာ ရလဒ်ကောင်းမွန်အောင် ကိုင်တွယ်နိုင်ခြင်းမရှိဘူးဆိုရင် လီဗာပူးလ်နဲ့ ပွဲမတိုင်ခင်မှာ သူဟာ အလွန်ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။