တစ်ဂိုးပြန်ရတာနဲ့ နိုင်ပြီဆိုတာကို ကြိုသိထားတယ်လေလို့ဆိုလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မနေ့ညက အတ္တလန်တာကို နောက်ကလိုက်ကစားရင်း အနိုင်ရရှိခဲ့တဲ့ပွဲမှာ ချေပဂိုးတစ်ဂိုးပြန်ရတာနဲ့ နိုင်ပြီဆိုတာကို ကြိုသိခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်တို့ ပထမပိုင်းမှာ ၀-၂ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ရပ်ရှ်ဖို့ဒ်၊ မက်ဂွိုင်းရား၊ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၂ ဂိုးနဲ့ ပြန်လည်အနိုင်ရရှိခဲ့တာပါ။ ပွဲအပြီးမီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ ယူနိုက်တက်တို့ ဘယ်လိုမျိုးပြန်လာခဲ့လဲဆိုတာကို ဆိုးလ်ရှားက အခုလိုပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက “တစ်ဂိုးသာ သေချာပေါက်ရအောင်လုပ်၊ ကျွန်တော်တို့ ဒီပွဲကို သေချာပေါက်နိုင်မယ်လို့ ယုံကြည်ခဲ့ပြီးသားပါ။ ဂိုးထပ်မပေးရအောင် ကစားနိုင်ပြီဆိုရင် ကျွန်တော်တို့ ဒီပွဲကို သေချာပေါက်နိုင်ပြီဆိုတာလည်း သိခဲ့ပါတယ်”

“ဘာလို့လဲဆိုတော့ ပထမပိုင်းတည်းက အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ဒါတွေကို အသုံးချနိုင်ဖို့ပဲ လိုအပ်တော့လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

ကစားသမားတွေက ဆိုးလ်ရှားရဲ့ အနာဂတ်အတွက် ကစားခဲ့တာလားဆိုတဲ့ မေးခွန်းကိုလည်း ဆိုးလ်ရှားက စိတ်ပျက်စွာနဲ့ တုံ့ပြန်ခဲ့ပါသေးတယ်။ ဆိုးလ်ရှားက “ကစားသမားတွေကို လေးစားမှုမရှိမလုပ်ပါနဲ့”

“သူတို့က ယူနိုက်တက်အတွက် ကစားနေတာဖြစ်ပြီး ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားတွေဖြစ်တယ်ဆိုတာ ကျွန်တော် ပြောခဲ့ပါတယ်”

“ဒီညမှာလည်း သူတို့က ကမ္ဘာ့ကံအကောင်းဆုံး လူသားတွေဖြစ်ခဲ့ကြပြီး အရံကစားသမားတွေလည်း ပါဝင်ပါတယ်။ သူတို့က ယူနိုက်တက်အတွက် ကစားနိုင်တဲ့သူတွေဖြစ်ကြပြီး ကမ္ဘာပေါ်က သန်းနဲ့ချီတဲ့ ယောက်ျားလေးရော၊ မိန်းကလေးရော ယူနိုက်တက်အတွက် ကစားချင်နေကြတာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။