ဂျူဗင်တပ်စ်မှာတောင် အသင်းဖော်တွေတန်းတူ စည်းကမ်းလိုက်နာမှုမရှိခဲ့တဲ့ ရော်နယ်ဒို

သတင်းတွေရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာရှိခဲ့တုန်းက အသင်းကသတ်မှတ်ထားတဲ့ သာတူညီမျှမှုဆိုတဲ့အရာတွေကို လိုက်နာခဲ့ခြင်းမရှိဘူးလို့ သိရှိရပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲယ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို (၂၀၁၈) မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့ အတူ စီးရီးအေအမှတ်ပေးချန်ပီယံဆု (၂) ကြိမ်ရရှိခဲ့တာပါ။ ဒါ့အပြင် အသင်းအတွက် (၁၃၄) ပွဲကစား၊ (၁၀၁) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ ဂျူဗင်တပ်စ်ကို စွန့်ခွာသွားတဲ့အပေါ်၊ သူ့ရဲ့ ဂျူဗင်တပ်စ်ကစားသမားဘဝ အပြုအမူတွေအပေါ်မှာ ဝေဖန်မှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေဆဲပါ။ အီတလီ နာမည်ကျော်သတင်းစာ Tuttosport ရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာ အခြားအသင်းဖော်တွေနဲ့ ကွဲထွက်နေတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုမတိုင်ခင် ဂျူဗင်တပ်စ်ရဲ့ နာမည်ကျော်တွေဖြစ်ခဲ့တဲ့ တီဗက်ဇ်၊ ပေါ့ဘာ၊ ပီယာလိုနဲ့ ဟီဂွါအင်တို့ဟာ ခံစစ်ကို အလှည့်ကျဆင်းကူခဲ့ပေမယ့် ရော်နယ်ဒိုအလှည့်မှာတော့ ဒီတာဝန်ကို လုံးဝမယူခဲ့ဘူးလို့ ပြောဆိုနေတာပါ။

ရော်နယ်ဒိုဟာ တိုက်စစ်ရဲ့နောက်ဆုံးအဆုံးသတ်နေရာမှာပဲ နေချင်ပြီး အသင်းရဲ့ဗျူဟာအပေါ် လိုက်ပါစီးမျောခြင်းမရှိဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြိုင်ဘက်ခံစစ်မှာ ဘောလုံးဆုံးရှုံးနေချိန်အတွင်း လိုက်လံဖိအားပေးမှုမရှိတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါသေးတယ်။

ဂျူဗင်တပ်စ်က ထွက်ခွာသွားတဲ့ သူ့ရဲ့လုပ်ရပ်အပေါ်မှာလည်း နည်းပြ အယ်လီဂရီ၊ နောက်ခံလူ ချီလီနီတို့အပါအဝင် ဂျူဗင်တပ်စ်အသိုင်းအဝိုင်းက ရော်နယ်ဒိုအပေါ် လက်ရှိအချိန်အထိ ဝေဖန်နေကြဆဲဖြစ်ပါတယ်။