မက်ဆီမရှိတဲ့ဘာစီလိုနာကို ရှယ်သိပ်ဖို့ ရီးရဲယ်တက်ကြွနေပြီလို့ဆိုတဲ့ ဗယ်လ်ဗာဒီ

ရီးရဲယ်မက်ဒရစ် ကွင်းလယ်လူ ဖီဒီဗယ်လ်ဗာဒီက မနက်ဖြန်၊ တနင်္ဂနွေညမှာ ကစားမယ့် ဘာစီလိုနာနဲ့ရီးရဲယ်မက်ဒရစ်ပွဲအကြောင်း ပြောကြားလာခဲ့ပါတယ်။

ဒီနှစ်သင်းက နူးကမ့်ကွင်းမှာ ရင်ဆိုင်ကြမှာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအနေနဲ့ မက်ဆီရော၊ ရော်နယ်ဒိုရော မပါဝင်တော့တဲ့ အယ်လ်ကလက်စီကို ပွဲတစ်ပွဲလည်းဖြစ်လာတော့မှာပါ။

ရီးရဲယ်မက်ဒရစ်က ရှက်တာဒိုးနက်ကို (၅) ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာ ဗယ်လ်ဗာဒီက အရံခုံမှာသာ ထိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာတော့ ဗယ်လ်ဗာဒီတစ်ယောက် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပြီး ဒီပွဲအတွက် အသင်းသားတွေရဲ့ အခြေအနေကိုလည်း အခုလိုပြောကြားလာခဲ့ပါတယ်။ ဗယ်လ်ဗာဒီက “ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်”

“ဒါပေမယ့် ဒီလိုပွဲမျိုးတွေကို ကစားခွင့်ရတာ တကယ်ကို ဂုဏ်ယူစရာဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ရီးရဲယ်မက်ဒရစ် ကစားသမားတွေက ဒီပွဲကို အနိုင်ရဖို့ စိတ်ဓာတ်တက်ကြွနေပါပြီ။ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ ရင်ဆိုင်ရမှာပါ”

“ဒီလိုပွဲမျိုးက နည်းနည်းလေးမှ အတိမ်းအစောင်းမခံပါဘူး။ ဘယ်သူပဲ ပွဲထွက်သည်ဖြစ်စေ၊ ပွဲစတည်းကလား၊ ပွဲချိန်နှောင်းပိုင်းမှလား ပွဲထွက်ရသည်ဖြစ်စေ၊ နည်းပြအဖွဲ့ဝင်တွေ အလိုရှိတဲ့အတိုင်း အဆင်သင့်ရှိနေဖို့ လိုပါတယ်”

“ဒါက ကစားသမားတိုင်းအတွက် သေချာပေါက် လိုအပ်တဲ့ကိစ္စပါပဲ။ ဒီပွဲကိုသာ နိုင်ခဲ့ရင် ကျွန်တော်တို့အတွက် ဒီရာသီက ကြီးကျယ်ခမ်းနားတဲ့ရာသီတစ်ခုဖြစ်လာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်နဲ့ဘာစီလိုနာအကြား အမှတ်ကွာဟမှုက (၂) မှတ်သာရှိတာကြောင့် နှစ်သင်းလုံးအတွက် အမှားမခံဘဲ ရီးရဲယ်မက်ဒရစ်အနေနဲ့လည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။