ချဲလ်ဆီးမှာ ပုံမှန်နေရာလိုချင်တဲ့ ကစားသမားက ပွဲပေါင်း (၂၅၀) ခြေစွမ်းပြနိုင်ရမယ်ဆိုတဲ့ တူချယ်လ်

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က အသင်းကစားသမား အိုဒွိုင်းနဲ့ ပတ်သက်လို့ မနေ့က နော့ဝစ်ချ်ကို အိမ်ကွင်းမှာ (၇) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး ပြောကြားခဲ့ပါတယ်။

လူကာကူ၊ ဗာနာ၊ ပူလီဆစ်တို့ ဒဏ်ရာပြဿနာတွေကြောင့် မပါဝင်နိုင်ချိန်မှာ အိုဒွိုင်းအတွက်လည်း အခွင့်အရေးရခဲ့ပြီး မနေ့က နော့ဝစ်ချ်နဲ့ပွဲမှာ အိုဒွိုင်းက ဂိုးသွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ မာလ်မိုနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဟာဗက်ဇ်ရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးခဲ့ပါသေးတယ်။

အိုဒွိုင်းဟာ ချဲလ်ဆီးမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့နောက်ထပ်ပွဲထွက်ခွင့်တွေအတွက် တူချယ်လ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

တူချယ်လ်က “လာမယ့်ပွဲတွေမှာ ပွဲထွက်ခွင့်ရ၊ မရဆိုတာကို အဖြေထုတ်ဖို့နဲ့ ဆုံးဖြတ်နိုင်ဖို့က အိုဒွိုင်းလက်ထဲမှာပဲ ရှိပါတယ်”

“ဒါက အလှည့်အပြောင်းတစ်ခုလားဆိုရင်တော့ ကောင်းပြီလေ။ သူက ဒါကို သက်သေပြဖို့ လိုအပ်တာပေါ့။ ဒါပေမယ့် သူက နောက်လာမယ့် ပွဲပေါင်း (၂၅၀) ကို အမြင့်ဆုံးခြေစွမ်းနဲ့ ကစားပြဖို့ လိုအပ်ပါတယ်။ အဲ့ဒါဆို ဒါက အလှည့်အပြောင်းဖြစ်သွားပြီပေါ့”

“ဒါပေမယ့် နောက်ပွဲတစ်ပွဲလောက် ဒီလိုခြေစွမ်းပြနိုင်ရုံနဲ့ အလှည့်အပြောင်းဖြစ်ခဲ့လားဆိုရင်တော့ မဖြစ်သေးပါဘူး။ ဒီအတွက် တိုက်ပွဲဝင်ရမယ်၊ ပြီးပြည့်စုံတဲ့ အခိုက်အတန့်မှာ ပြီးပြည့်စုံတဲ့ အံဝင်ခွင်ကျမှုဖြစ်ဖို့ လိုအပ်တယ်၊ တစ်ခါတလေတော့ ကံလေးနည်းနည်းကောင်းဖို့ လိုတာပေါ့”

“ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီမေးခွန်းကိုဖြေနိုင်တာက အိုဒွိုင်းကိုယ်တိုင်ပါပဲ။ ကျွန်တော်တို့ သူ့ကို ဆက်လက်ပံ့ပို့ပေးသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ မနေ့ညက နိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။