အင်္ဂလန်မက်ဆီက ငါပဲဆိုပြီး လှပတဲ့ Solo ဂိုးနဲ့ သက်သေပြသွားတဲ့ ဘယ်လင်ဂမ်

ဒေါ့မွန်ရဲ့ အသက် (၁၈) နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဂမ်ဟာ မနေ့ညက ဘွန်ဒက်စ်လီဂါပွဲစဥ်အဖြစ် အာမီးနီးယားဘီလီဖီးလ်ကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို တစ်ကိုယ်တော်အရည်အချင်းနဲ့ သွင်းယူပြခဲ့ပါတယ်။

ဒီပွဲမှာ ဒေါ့မွန်က အမ်မရီကန်ရဲ့ပင်နယ်တီ၊ ဟမ်းမဲလ်၊ ဘယ်လင်ဂမ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘယ်လင်ဂမ်က အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဧရိယာထိပ်မှာရလာတဲ့ ဘောလုံးကို ဘယ်လင်ဂမ်က ပြိုင်ဘက်နောက်ခံလူ (၃) ယောက်ကြားထဲက လှလှပပ လိမ်ခေါက်လှည့်ထွက်ပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာ ပေါင်ကြားထဲက အဆုံးသတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီဂိုးအတွက်တော့ ပရိသတ်တွေက ပွဲအပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ အထူးချီးကျူးခဲ့ကြပြီး ဘယ်လင်ဂမ်ရဲ့ အခုသွင်းဂိုးက မက်ဆီလို ညာခြေဗားရှင်းနဲ့ သွင်းယူခဲ့တယ်လို့ဆိုရမှာပါ။

ဒီကစားသမားဟာ ဒေါ့မွန်အတွက် ဒီရာသီမှာ အထူးခြေစွမ်းပြကစားနေပြီး ချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပြဂိုးသွင်းယူထားနိုင်ပါတယ်။

ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် တိုက်စစ်လိုက်ပါပုံ ပီပြင်ပြီး အဆုံးသတ်ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ အသက် (၁၈) နှစ်အရွယ်သာရှိသေးတဲ့ ဘယ်လင်ဂမ်က ဘောလုံးလောကအတွက် ထွန်းတောက်လာမယ့် ဥရောပကြယ်ပွင့်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

အင်္ဂလန်အတွက်လည်း အားကိုးရဖို့ရှိတဲ့ ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းအချို့ကလည်း စိတ်ဝင်စားနေပြီး ဒေါ့မွန်ကတော့ ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေးအနည်းဆုံး ပေါင်သန်း (၁၀၀) သတ်မှတ်ထားတယ်လို့ သိရပါတယ်။