သရေကျရင်တောင်မကြိုက်ဘူး၊ ရှုံးသလိုခံစားရတယ်လို့ ရော်နယ်ဒိုရင်ဖွင့်

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အဲဗာတန်ကို တစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာတုန်းက ပွဲထွက်ကစားသမားစာရင်းအတွက် မပါဝင်ခဲ့ဘဲ အရံခုံမှာသာ ထိုင်နေခဲ့ရတာပါ။

ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တာကြောင့် အဝတ်လဲခန်းသွားရာလမ်းမှာ ဒေါသပေါက်ကွဲခဲ့ပါတယ်။

ဒီလိုမျိုး သူ့ရဲ့အပြုအမူနဲ့ ပတ်သက်လို့ စကိုင်းစပေါ့နဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက အခုလိုပဲ ပြောပြခဲ့ပါတယ်။

ရော်နယ်ဒိုက “ရှုံးတာလည်းမကြိုက်ဘူး၊ သရေကျတာလည်း ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော့်အတွက် အဲဗာတန်ကို အိမ်ကွင်းမှာ သရေကျတာက ရှုံးနိမ့်သလိုပါပဲ။ ကျွန်တော် စဥ်းစားတဲ့နည်းလမ်းက မှားကောင်းမှားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပုံစံနဲ့ပဲ ကျွန်တော့်ကို ကျွန်တော် လှုံ့ဆော်တာပါ”

“ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ နိုင်ပွဲတွေယူချင်ပါတယ်။ အခု ကျွန်တော်က ကမ္ဘာပေါ်က အရေးပါဆုံး အသင်းတစ်သင်းမှာ ကစားနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရှုံးရင်တော့ ကျွန်တော့် ခံစားချက်က အဲ့ဒီလိုပါပဲ”

“များသောအားဖြင့် ကျွန်တော်က အပေါင်းလက္ခဏာဆန်ပါတယ်။ ဒါပေမယ့် တစ်ခါတလေတော့ ပွဲအပေါ် မူတည်တာပေါ့”

“အမြဲတမ်းတော့ ကျွန်တော်က ဒီလိုပါပဲဗျာ။ ကျွန်တော့် အသက်အရွယ်ကိုလိုက်ပြီးတော့လည်း ဒါကို မပြောင်းလဲနိုင်ပါဘူး။ ကျွန်တော် ဒီအသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်မှာပါ”

“ကျွန်တော့်ရဲ့ အပြုအမူတွေက ကျွန်တော်ဆိုတဲ့လူရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ ဘယ်သူ့ကိုမှ ထိခိုက်လိုခြင်းမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲဗာတန်နဲ့ပွဲက ရော်နယ်ဒိုရဲ့အပြုအမူဟာ နည်းပြဆိုးလ်ရှားအပေါ် ဖိအားတွေများစေတယ်လို့ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်ခဲ့ပေမယ့် ဖာဒီနန်ကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ကာကွယ်ပြောကြားပေးခဲ့ပါတယ်။