“နိုင်ချင်ရင် ကွင်းထဲရှိတဲ့ကောင်တွေကိုသွားပြောလေ” လို့ ပရိသတ်တွေကို တုံ့ပြန်သွားတဲ့ လင်ဂတ်

မနေ့ညက လီဗာပူးကို (၅) ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲက ယူနိုက်တက်အတွက်တော့ ခါးသီးတဲ့ရလဒ်တစ်ခုလို့ဆိုရမှာပါ။

ပွဲကစားချိန် (၁၅) မိနစ်မပြည့်ခင်မှာပဲ (၂) ဂိုးပြတ်ရှုံးနေပြီး ပွဲကစားချိန် မိနစ် (၅၀) အတွင်းမှာ ဆာလာရဲ့ ဟက်ထရစ်နဲ့အတူ (၅) ဂိုးပြတ်နဲ့ အရေးနိမ်ခဲ့တာပါ။

ပွဲကစားချိန် မိနစ် (၆၀) မှာ ပေါ့ဘာ အထုတ်ခံရပြီးနောက်ပိုင်း ယူနိုက်တက်တို့ ဂိုးထပ်မပေးရလို့သာ ကံကောင်းခဲ့တယ် ဒီထက်ပိုအရှက်မကွဲခဲ့တာဖြစ်ပြီး ဒီရှုံးပွဲကြောင့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ ကစားသမားတွေအပေါ်ကိုလည်း ဖိအားတွေ ပိုမိုများပြားလာခဲ့ပါတယ်။

ဒီပွဲရဲ့ ပွဲချိန်အတွင်းမှာလည်း ယူနိုက်တက်ပရိသတ်တွေက ကွင်းဘေးစည်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ လင်ဂတ်ကို လှောင်ပြောင်ခဲ့ကြပြီး လင်ဂတ်ကတော့ “ငါက ကွင်းထဲမှာရှိနေတာမဟုတ်ဘူးလေ” ဆိုပြီး သူ့ကိုလှောင်ပြောင်နေတဲ့ ပရိသတ်တွေကို တုံ့ပြန်သွားခဲ့ပါတယ်။

လင်ဂတ်ဟာ ထောင့်ကန်ဘောအလံတိုင်နားမှာ ပေါ့ဘာ၊ ဒါလော့တို့နဲ့အတူ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေတာဖြစ်ပြီး ပေါ့ဘာ၊ ဒါလော့၊ ကာဗာနီတို့ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် လင်ဂတ်ကတော့ လီဗာပူးကို ရှုံးခဲ့တဲ့ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ပါဘူး။

ယူနိုက်တက်ဟာ ဒီဂိုးပြတ်ရှုံးပွဲကြောင့် ဘရိုက်တန်၊ စပါးတို့အောက်ကို ရောက်ရှိသွားခဲ့ပြီး ရာသီအစမှာ ရလဒ်တွေဆိုးရွားခဲ့တဲ့ အာဆင်နယ်နဲ့လည်း အမှတ်တူသွားခဲ့ပြီဖြစ်ပါတယ်။