ကွင်းထဲမှာတောင် လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ထောင့်ကန်ဘောကန်ခဲ့ရတဲ့နေမာ

မနေ့ညက ကစားခဲ့တဲ့ မာဆေးလ်နဲ့ PSG တို့ပွဲမှာတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတဲ့ ဒီနှစ်သင်းတွေ့ဆုံမှုမှာ အိမ်ရှင်မာဆေးလ်ရဲ့ ပရိသတ်တွေကလည်း အိမ်ကွင်းအားကို အပြည့်အဝ အသုံးချသွားခဲ့တာပါ။

မာဆေးလ်ပရိသတ်တွေဟာ PSG ကစားသမားတွေကို အနှောင့်အယှက်ပေးဖို့အတွက် ကွင်းထဲကို ပုလင်းတွေ၊ စက္ကူတွေနဲ့ ပစ်ပေါက်ခဲ့ပြီး ဂိုးစည်းနဲ့ ကွင်းဘေးစည်းနားရောက်သွားတဲ့ PSG ကစားသမားတွေအတွက်တော့ ရင်ခုန်ခဲ့ရတဲ့ အချိန်တွေလို့ ဆိုနိုင်ပါတယ်။

မာဆေးလ်နဲ့နိုက်စ်တို့ ဒီရာသီတွေ့ဆုံခဲ့တဲ့ပွဲမှာလည်း မာဆေးလ်ကစားသမားတွေနဲ့ နိုက်စ်ပရိသတ်တွေအကြား အကြီးအကျယ် ရန်ပွဲဖြစ်ခဲ့သေးတာပါ။

ဒီပွဲမှာ PSG က မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်လုံး ပွဲထွက်လာခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့သလို ညာနောက်ခံလူ ဟာကီမီလည်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

နေမာ ထောင့်ကန်ဘောကန်ခါနီး အချိန်မှာဆိုလည်း မာဆေးလ်ပရိသတ်တွေက နေမာကို အရာဝတ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်နေခဲ့တာကြောင့် ကွင်းလုံခြုံရေးတွေက နေမာရဲ့ဘေးနားမှာ ဒိုင်းကာတွေနဲ့ နေရာယူပြီး ကာကွယ်ပေးခဲ့ရပါတယ်။

ဒီမြင်ကွင်းကို တီဗီကကြည့်နေတဲ့ ပရိသတ်တွေအတွက်တော့ အထူးအဆန်းဖြစ်ခဲ့ပြီး သေချာတာတစ်ခုက နေမာကိုယ်တိုင်လည်း ထောင့်ကန်ဘောကို စိတ်လွတ်ကိုယ်လွတ် ကန်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

ဒါ့အပြင် PSG ကစားသမား မက်ဆီကိုလည်း မာဆေးလ်ပရိသတ်တစ်ယောက်က ကွင်းထဲထိဝင်ရောက်ချဥ်းကပ်ခဲ့သေးတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။