ဂိုးပေါက်ကန်ခွင့်တောင် ကောင်းကောင်းမရခဲ့ဘဲ ပွဲပြီးမှ ပရိသတ်ကိုတောင်းပန်နေတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက လီဗာပူးကို အိမ်ကွင်းမှာ (၅) ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့အတွက် ပွဲအပြီးမှာတော့ ပရိသတ်တွေကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးက သက်သောင့်သက်သာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကတော့ တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် VAR က ပယ်ဖျက်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ ပထမပိုင်းပြီးခါနီးမှာ ပြိုင်ဘက်ကစားသမား ကာတစ်ဂျုံးစ်ကို သိသိသာသာ ကန်ကျောက်ခဲ့ပြီး ကံကောင်းလို့သာ အနီကတ်မထိခဲ့တာပါ။

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက “တစ်ခါတလေတော့လည်း ရလဒ်တွေက ကျွန်တော်တို့ တိုက်ပွဲဝင်နေတဲ့၊ လိုချင်တဲ့ ရလဒ်တွေ မဟုတ်ခဲ့ပါဘူး။ အခု ဂိုးရလဒ်ကလည်း ကျွန်တော်တို့ မလိုချင်တဲ့ ဂိုးရလဒ်ပါ။ ဒီပွဲရလဒ်အတွက် ကျွန်တော်တို့မှာပဲ တာဝန်ရှိပါတယ်”

“ဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိပါဘူး။ ကျွန်တော်တို့ ပရိသတ်တွေက ဒီပွဲမှာ အံ့အားသင့်စရာ အားပေးမှုမျိုးနဲ့ ကျွန်တော်တို့ဘက်မှာ ရှိခဲ့ပြန်ပါတယ်။ သူတို့ အခုထက် ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်ပါတယ်။ အများကြီးပိုကောင်းတဲ့ရလဒ်နဲ့ကို ထိုက်တန်တာပါ”

“ဒီအရာကို ကျွန်တော်တို့ လုပ်ပေးရမှာပါ။ ကျွန်တော်တို့ ပြန်လာဖို့ အချိန်တန်ပါပြီ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ဒီပွဲမှာ ဆာလာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကလည်း ရော်နယ်ဒိုအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး ပွဲချိန်အတွင်းမှာလည်း ရော်နယ်ဒိုရဲ့ စိတ်ပျက်လက်ပျက်ပုံရိပ်တွေကို ပရိသတ်တွေ ထပ်မံမြင်တွေ့ခဲ့ရပါတယ်။