ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်းမသိတဲ့ ဆိုးလ်ရှားရဲ့ဗျူဟာကို ကစားသမားတွေလည်း နားမလည်နိုင်ဖြစ်နေ

ယူနိုက်တက် ကစားသမားတွေဟာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ကြုံတွေ့နေခဲ့ရတဲ့နောက် နည်းပြဆိုးလ်ရှားရဲ့ ဗျူဟာကို နားမလည်နိုင်တော့ဘဲ ဆိုးလ်ရှားအပေါ် သံသယရှိလာပြီလို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

မနေ့ညက လီဗာပူးကို (၅) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၄) ပွဲမှာ (၃) ပွဲအထိ ရှုံးနိမ့်ထားပြီး နောက်ဆုံး (၂) ပွဲဆက်တိုက် လက်စတာ၊ လီဗာပူးတို့ကို ဂိုးပြတ်တွေ ရှုံးနိမ့်ခဲ့တာပါ။

အတ္တလန်တာကို ၃-၂ ဂိုးနဲ့ ပြန်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲရဲ့ ပထမပိုင်းအပြီးမှာလည်း ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်တို့က ဆိုးလ်ရှားကို ကျော်ပြီး အဝတ်လဲခန်းအတွင်း စကားပြောဆိုခဲ့ရသလို သတင်းရင်းမြစ်တစ်ဦးကလည်း ကစားသမားတွေအနေနဲ့ ဆိုးလ်ရှားရဲ့နည်းဗျူဟာအပေါ် ရှုပ်ထွေးနေတယ်လို့ သိရပါတယ်။

“ဆိုးလ်ရှား ဘာလုပ်ချင်နေမှန်း ကစားသမားတွေ မသဲကွဲတော့ပါဘူး။ အသင်းတွင်းမှာ ရှုပ်ထွေးမှုတွေ၊ မေးခွန်းတွေရှိနေပြီး ကစားသမားတွေက ဆိုးလ်ရှားရဲ့ ဗျူဟာ ဘာလဲဆိုတာကို နားမလည်ကြတော့ပါဘူး။ အသင်းလိုက် ကစားနေတာလည်း မဟုတ်တော့ပါဘူး”

“တစ်ဦးချင်းအလိုက် ကစားသလိုဖြစ်နေပြီး ခံစစ်မှာလည်း ကြီးမားတဲ့ ပြဿနာတွေ ရှိနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကလည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ဗျူဟာက ပွဲအတွင်း သက်ရောက်မှုမရှိတော့ဘဲ တစ်ဦးချင်းအရည်အသွေးကောင်းမွန်တဲ့ ကစားသမားတွေက သူတို့ အဆင်ပြေသလို ကွင်းထဲ ကစားနေရတယ်လို့လည်း ဝေဖန်သုံးသပ်ထားကြပါသေးတယ်။