ဆိုးလ်ရှားဆက်ရှိနေဖို့ တောင်းဆိုနေတဲ့ မန်စီးတီးပရိသတ်များ

မန်စီးတီးပရိသတ်တွေဟာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို သူတို့နဲ့တွေ့မယ့်ပွဲအထိ ယူနိုက်တက်မှာဆက်ရှိဖို့ မျှော်လင့်နေကြပါတယ်။

လီဗာပူးကို အိမ်ကွင်းမှာ (၅) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဆိုးလ်ရှားရဲ့ အနာဂတ် တော်တော်လေးလှုပ်ခတ်နေပြီး ရက်ပိုင်းအတွင်းမှာတင် အပြောင်းအလဲတွေဖြစ်သွားနိုင်တယ်လို့ သတင်းတွေထွက်နေတာပါ။

ယူနိုက်တက်ဘုတ်အဖွဲ့ကြားမှာ ဆိုးလ်ရှားကို ဆက်ထားသင့်၊ မထားသင့် ဆွေးနွေးနေပြီး နည်းပြသစ်နေရာအတွက် ကွန်တီကို ထိပ်ဆုံးကလျာထားတယ်လို့ဆိုပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ စပါး၊ မန်စီးတီး၊ ချန်ပီယံလိဂ်မှာ အတ္တလန်တာတို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားဖို့ရှိနေတာပါ။ နိုဝင်ဘာ (၇) မှာ မန်စီးတီးနဲ့ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ဒီပွဲအထိ ဆိုးလ်ရှားဆက်ရှိဖို့ မန်စီးတီးပရိသတ်တွေ မျှော်လင့်နေတာဖြစ်ပါတယ်။

မန်စီးတီးပရိသတ်တစ်ယောက်က “တကယ်လို့သာ စပါးက ယူနိုက်တက်ကို နိုင်ရင် ဒါဘီပွဲမတိုင်ခင်မှာ ဂလေဇာက ဆိုးလ်ရှားကို ထုတ်လိုက်ပါလိမ့်မယ်။ ဒါဘီပွဲမှာ ကွန်တီကို ယူနိုက်တက်နည်းပြအဖြစ် တကယ် တကယ်ကိုမမြင်ချင်တာပါ” လို့ မန်စီးတီးပရိသတ်တွေရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးပွဲမှာလည်း ဧည့်သည် လီဗာပူး ပရိသတ်တွေဟာ “Ole’s at the wheel, Ole must stay” အစရှိသဖြင့် အော်ဟစ်နောက်ပြောင်ခဲ့ကြပြီး ဆိုးလ်ရှားကို ယူနိုက်တက်မှာဆက်ရှိနေဖို့ အားပေးခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။